Skip to main content

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ပွဲတော် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် တက်ရောက်ဖွင့်လှစ်

မုံရွာ၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ပွဲတော်ကို ယနေ့ နံနက် (၈)နာရီခွဲ က မုံရွာမြို့ ကန်သာယာ ရွှေလိမ္မော်ကျွန်း၌ ကျင်းပသည်။

ရှေးဦးစွာ ပွဲတော်မုခ်ဦးအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးမျိုးမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြ ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က ပွဲတော်တွင် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် အမှတ်တရ ပစ္စည်းအရောင်းဆိုင်များနှင့် ပွဲတော်လာ ကလေးများအတွက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျင်းပပြုလုပ်ပေးနေသော ဗိုလ်ချုပ်ပုံတူဆက် ကစားနည်းများ၊ စကားပုံဆက် ကစားနည်းများ၊ ခွက်နင်းကစားနည်းများ၊ ပူးပေါင်းဖောက်ကစားနည်များ ခါးလှည့်ကွင်းကစားနည်းများတွင် ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစား နေမှု တို့နှင့် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးနေမှုတို့အား ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က မုံရွာမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က “ကလေးများဟာ ကျွန်တော်တို့တိုင်းပြည် တည်ဆောက်ရေးရဲ့ အဖိုးတန် ရတနာတွေဖြစ်လို့ ကလေး များ ကာယ၊ ဉာဏ၊ စာရိတ္တ မိတ္တနှင့် ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးမှု ရရှိစေရန်နှင့် ကလေးသူငယ် အခွင့်အရေးများကို အပြည့်အဝ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်၊ ဌာနဆိုင်ရာ၊ မိသားစုများနှင့် ပြည်သူ လူထုတို့မှ တက်တက်ကြွကြွ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း။ ဒီလိုရည်ရွယ်ချက်ကောင်းများနှင့် မြန်မာနိုင်ငံ တစ်ဝှမ်း ယနေ့ ကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြသလို စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့်လည်း ယခုလို ကလေးများအတွက် မြန်မာနိုင်ငံကလေးများနေ့ကို ကျင်းပခွင့်ရရှိလို့ များစွာ ဂုဏ်ယူဝမ်းမြောက်မိပါ ကြောင်းနှင့် မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး မြန်မာလူမျိုးတို့၏ ချစ်မြတ်နိုး ဖွယ်ရာဝလေ့များကို ကလေးများနှင့် လူငယ်လူရွယ်များ အားကျအတုယူလာအောင် တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များ၊ ဆရာ၊ ဆရာမများနှင့် ပြည်သူအားလုံးက ဆက်လက်ပြီး ဝိုင်းဝန်း ပံ့ပိုး ဆောင်ရွက်ကြရန်နှင့် ဗိုလ်ချုပ်လို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ပြည့်စုံသော ခေါင်းဆောင်များ ဖြစ်ထွန်း ပေါ်ပေါက်စေရေး ကြိုးပမ်းဆောင်ရွက်ကြပါ” ဟု တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံကလေးများနေ့အကြို ပုံပြင်၊ ကဗျာနှင့် သီးချင်းပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများ၏ သီဆိုဖျော်ဖြေတင်ဆက် ကပြမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က အဆိုပါ ပြိုင်ပွဲများ တွင် ထူးချွန်ဆုရ ကလေးသူငယ်များအား ထူးချွန်ဆု များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး မုံရွာမြို့ ကန်သာယာ ကျောက်တိုင် ကျွန်း တွင် ကျင်းပပြုလုပ်သော ဗိုလ်ချုပ်မွေးနေ့ လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်နေမှုတို့အား ကြည့်ရှု အားပေးခဲ့ကြောင်း သိရ သည်။

ထွန်းကိုကို(ယင်းမာပင်)