နေပြည်တော် ဖေဖော်ဝါရီ ၁၃
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသော ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် ရှေ့မှောက်၌ ကတိသစ္စာပြုသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်း က လွှတ် တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်းနှင့် စပ် လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ် ချက်အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက ကလွှတ်တော်နှစ်ရပ်သဘော ကွဲလွဲသည့်အချက်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် ပြင်ဆင်ချက်အဆို တင်သွင်း ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ဆွေးနွေးလိုသည့် အပိုဒ်၊ အပိုဒ်ခွဲနှင့် အကြောင်းအရာများကို ဖော်ပြလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ် တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ ၏ ဒုတိယ ၆ လပတ်အခွန် ရငွေများနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း ကလွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ်အတွက် ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ဇယား(၁)အရ ပြည်ထောင်စုဝန်ကြီး ဌာန၊ အဖွဲ့အစည်းများမှ တာဝန်ယူ ကောက်ခံ ရမည့် အခွန်အကောက် (၂၂) မျိုးမှ ကောက်ခံရန် ပြုပြင်ပြီး ခန့်မှန်းခြေ လျာထားချက်မှာ ငွေကျပ် ၃၉၁၂ ဒသမ ၂၆၇ ဘီလီ ယံဖြစ်ပြီး ကောက်ခံ ရရှိမှုမှာ ငွေကျပ် ၄၃၁၇ ဒသမ ၅၅၂ ဘီလီယံဖြစ်ပါသဖြင့် လျာထားချက်အပေါ် အကောင်အထည်ဖော်န်ိုင်မှု အခြေအနေမှာ ၁၁၁ ဒသမ ၃၆ ရာခိုင်နှုန်း ဖြစ်ပါကြောင်း။
ဒုတိယ (၆)လပတ်အတွင်း အခွန်အကောက် ၂၂ မျိုးတွင် လျာထားချက်ပြည့်မီ၊ ကျော်လွန်အောင် ကောက်ခံနိုင်ခဲ့သည့် အခွန် (၁၃)မျိုးရှိပြီး လျာထားချက်အောက် လျော့နည်းကောက်ခံရရှိသည့် အခွန် ၈ မျိုးရှိပါကြောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေတွင် လျာထားချက်ပါဝင်သော်လည်း ဒုတိယ ၆ လပတ်အတွင်း လျာထားချက်မရှိ၊ ကောက်ခံ ရရှိခြင်းမရှိသည့် အခွန် ၁ မျိုးရှိပါကြောင်း။
ထို့ပြင် အခွန် ၂၂ မျိုးကို ပြည်ထောင်စုဝန်ကြီးဌာန ၉ခု နှင့် နေပြည်တော် ကောင်စီတို့မှ ကောက်ခံခဲ့ပြီး (ယခင်) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (ယခု) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက တာဝန်ယူကောက်ခံသည့် အခွန် (၆)မျိုး အတွက် အခွန်ကောက်ခံရန် လျာထားချက် ငွေကျပ် ၃၃၀၀ ဒသမ ၄၇၈ ဘီလီယံ၊ ကောက်ခံရရှိမှု ငွေကျပ် ၃၇၅၁ ဒသမ ၉၅၉ ဘီလီယံ၊ အကောင်အထည်ဖော်နိုင်မှု ၁၁၃ ဒသမ ၆၈ ရာခ်ိုင်နှုန်းဖြစ်ပါကြောင်း၊ အခွန်အကောက်ရရှိမှုအပေါ် ပါဝင်မှုအချိုးအနေဖြင့် ၈၄ ဒသမ ၃၆ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ အခြား ပြည်ထောင်စုဝန်ကြီးဌာန ၈ ခုနှင့် နေပြည်တော်ကောင်စီက တာဝန်ယူကောက်ခံသော အခွန် ၁၆ မျိုးအတွက် လျာထား ချက် ငွေကျပ် ၆၁၁ ဒသမ ၇၈၉ ဘီလီယံ၊ ကောက်ခံရရှိမှု ငွေကျပ် ၅၆၅ ဒသမ ၅၉၃ ဘီလီယံ၊ အကောင်အထည်ဖော်နိုင်မှု ၉၂ ဒသမ ၄၅ ရာခိုင်နှုန်းဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ အခွန်အကောက်ရငွေနှင့် ဂျီဒီပီ အချိုးသည် ၇ ရာခိုင်နှုန်းကျော် သာရှိသဖြင့် နိမ့်ကျနေဆဲဖြစ်ရာ ရသင့်ရထိုက်သည့် အခွန်အကောက်များ တိုးတက် ကောက်ခံရရှိရေးကို ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် (ဧပြီလမှ စက်တင် ဘာလအထိ) ပြည်ထောင်စုမှ ကောက်ခံသည့် အခွန်အကောက်များ ကောက်ခံရန် လျာထားချက်အပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို သိရှိနိုင်ပါရန်နှင့် အစီရင်ခံစာအပေါ် သုံးသပ်ဆွေးနွေး၍ အတည်ပြုပေးနိုင်ပါရန် တင်ပြပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောသန်းထွဋ်က အဆိုပါ အခွန်ရငွေများနှင့် စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ် ချက်အစီရင်ခံစာ (၂/၂၀၂၀)ကို ဖတ်ကြားတင်ပြရာတွင် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံလျက်ရှိသော အခွန်အမျိုး အစားနှင့် ကုန်သွယ်လုပ်ငန်းခွန် သည် အခွန်အခြေအကျယ်ပြန့်ဆုံးဖြစ်ပြီး တိုးတက် ကောက်ခံနိုင်မည့် အလားအလာအကောင်းဆုံး ဖြစ်ပါကြောင်း၊ ထို့ပြင် ရုပ်ရှင်လုပ်ငန်း၊ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေးလုပ်ငန်းစသည့် လုပ်ငန်းများ တွင် အရှိန်အဟုန် ဖြင့် ဖွံ့ဖြိုးတိုးတက် လာနိုင်သည်ကို လေ့လာတွေ့ရှိရပါကြောင်း။
ထို့ကြောင့် ကုန်သွယ် လုပ်ငန်းခွန်အပါအဝင် အခွန်အကောက်များ တိုးတက် ကောက်ခံရရှိနိုင်စေရေးဆောင်ရွက်ရာတွင် အခွန်နှုန်းထား တိုးမြှင့်ကောက်ခံခြင်းထက် တည်ဆဲဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ ရသင့်ရထိုက်သော အခွန်များတိုးတက် ကောက်ခံရရှိနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ အခွန်အခြေချဲ့ထွင်ခြင်းဖြင့် အခွန်ကောက်ခံမှု ဧရိယာတိုးချဲ့ ဆောင်ရွက်ရန်၊ အခွန်တံဆိပ် ကပ်နှိပ်၍ ကုန်သွယ်လုပ်ငန်း ခွန်ကောက်ခံခြင်းကို ဖြစ်နိုင်သမျှ တိုးချဲ့ဆောင်ရွက်သွားရန်၊ လိုက်နာမှုအားကောင်း စေရေးအတွက် ပညာပေးလုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်သွားရန်နှင့် Social Media များဖြင့်ပါ ပညာပေးနိုင် ရေး ဆောင်ရွက်သွားရန် သဘောထားမှတ် ချက်ပြုအပ်ပါကြောင်း။
ထို့ပြင် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ ပြဋ္ဌာန်းချက်အရ အခွန် ကောက်ခံမှု အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန် ခွင့်ပြုပြီးဖြစ်ရာ ၎င်းအဖွဲ့များအနေဖြင့် ရသင့်ရထိုက်သော အခွန်အကောက်များ ပြည့်ဝစွာ ကောက်ခံ ရရှိရေးအတွက် လက်တွေ့ကျကျကြိုးပမ်း ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အကောက်များ ပြည့်ဝစွာ ရရှိနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သည့်နည်းတူ တစ်ဖက်တွင်လည်း အခွန်ထမ်းပြည်သူများ အတွက် အခွန်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများနှောင့်နှေးကြန့်ကြာမှုမဖြစ်စေဘဲ ဖြည့်ဆည်းပေးခြင်း၊ အခွန်ဆိုင်ရာပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် လိုအပ် သည်ကို သဘောထားမှတ်ချက်ပြုအပ်ပါကြောင်း။
ဘုံအကျိုးစီးပွားအတွက် အကောက်ခွန်အပြန်အလှန် လျှော့ချရေးအစီအစဉ် (CEPT) သည် နှစ်ဦးနှစ်ဖက်မျှတသော ကုန်သွယ်မှု ဖြစ်စေရေးနှင့် အကျိုးကျေးဇူးမျှတစွာ ရရှိခံစားနိုင်ရေးကို ရည်ရွယ်ပြီး သဘောတူစာချုပ် ချုပ်ဆိုဆောင်ရွက်ကြခြင်းဖြစ်ပါ ကြောင်း၊ ရှင်းလင်းတင်ပြချက်များအရ မြန်မာနိုင်ငံသည် တရုတ်၊ ဂျပန်၊ ထိုင်း၊ အိန္ဒိယ၊ ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံများနှင့် CEPT သဘောတူစာချုပ်လက် မှတ်ရေးထိုးချုပ်ဆိုထားပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် လျော့နှုန်း ခံစားခွင့် ပြုခဲ့ရသည့် အကောက်ခွန်ပမာဏမှာ ငွေကျပ် ၄၀၁ ဒသမ ၁၉၃ ဘီလီယံရှိသည်ကို တွေ့ရှိရပါကြောင်း။
ထို့ကြောင့် ၎င်းနိုင်ငံများနှင့် ကုန်သွယ်ရာတွင် နှစ်ဦးနှစ်ဖက်မျှတ သော ကုန်သွယ်မှုဖြစ်စေရေးအတွက် မိမိတို့အနေဖြင့်လည်း အပြန်အလှန် တင်ပို့ ရောင်းချ သွားနိုင်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပို့ကုန်အမျိုးအစားနှင့် ပို့ကုန်ပမာဏတိုးချဲ့ တင်ပို့နိုင်ရေး၊ တရားဝင်တင်ပို့မှု ဖြစ်စေရေးနှင့် တင်ပို့ရောင်းချသူများအတွက် CEPT အခွင့်အရေး အပြည့်အဝရရှိနိုင်စေရေး ဆောင်ရွက်သွားရန်လိုအပ်ပြီးသက်ဆိုင်သောဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် ညှိနှိုင်း ပေါင်းစပ်ကြိုးပမ်းဆောင်ရွက်သွားရန် သဘောထားမှတ်ချက်ပြုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အစီရင်ခံစာအမှတ်စဉ် (၂/၂၀၂၀) ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၄ (က)၊ (ခ)၊ (ဂ) ပါပြဋ္ဌာန်း ချက်များနှင့်အညီ ပြည်ထောင်စုလွှတ် တော်သို့ အစီရင်ခံတင်ပြအပ်ပါကြောင်း နှင့် အစီရင်ခံစာအား ဆွေးနွေးစဉ်းစားပေးနိုင် ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်ရှိပါက ပြည်ထောင်စုလွှတ်တော် ရုံး ၊ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၈ခုနှစ်၊ ဧပြီလ မှ စက်တင်ဘာလအထိ ၆ လအတွက် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံ စာ ဒုတိယတွဲ (၁/၂၀၂၀)နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ကြသည်။
ကောလင်းမဲဆန္ဒ နယ်မှ ဦးမျိုးဇော်အောင် က ပုဂ္ဂလိကလေကြောင်းလိုင်းများ အနေဖြင့် ခရီးသည်ဝန်ဆောင်ခများ ပေးသွင်းရန် ကျန်ရှိသည့်ကိစ္စတွင် ဒဏ်ကြေးနှင့် အတိုးသတ်မှတ်၍ ပေးသွင်းစေသင့်ပါကြောင်း၊ အစိုးရ၏ငွေကို ရသလောက်အချိန် ယူထားခြင်းသည် နိုင်ငံတော်ကအသုံးပြုရမည့် လုပ်ငန်းများကိုနှောင့်နှေးစေပါကြောင်း၊ ထို့ပြင် သတ္တုတွင်းလုပ်ငန်း ရွှေကြွေးကျန်ရှိသည့် ကိစ္စရပ်များ မကြာခဏ ဖြစ်ပေါ် နေပါကြောင်း၊ အဆိုပါ ကိစ္စရပ်များတွင် ကုမ္ပဏီများကို သတ်မှတ်ချိန်ကျော် လွန်ပြီး အကြွေးကျန်ပါက ကျော်သည့်နှစ်အလိုက် ဒဏ်ကြေးရာခိုင်နှုန်းတစ်ခု သတ်မှတ်ထား သင့်ပါကြောင်း ဆွေးနွေးသည်။
လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက ပညာရေးဝန်ကြီးဌာနအပေါ် စစ်ဆေးဖော်ပြ ချက်များတွင် အစီရင်ခံစာ အပိုဒ် ၁၆၅ ပါ အန္တရာယ်ရှိအဆောင်များ ဖျက်သိမ်းမှုနှင့်ပတ် သက်၍ ဌာနပိုင်ကျောင်းအဆောက်အဦများကို ဒေသတစ်ခုနှင့် တစ်ခု မတူကွဲ ပြားစွာ ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့်ဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာ ရေးစည်းမျဉ်းပါ ပြဋ္ဌာန်းများနှင့်အညီ တိကျသည့် ညွှန်ကြားချက်များ ထုတ်ပြန်ပြီး တစ်နိုင်ငံလုံးတစ်ပြေးညီ ပုံစံဖြင့် ဆောင်ရွက်သင့်ပါကြောင်း၊ သို့မှသာ မသမာမှု၊ မမှန်မကန်ဆောင်ရွက်မှု၊ လေလွင့်ပြုန်း တီးမှုနှင့် အလွဲသုံးစားမှုတို့ကို ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် လက်ရှိနယ်မြေကွင်းဆင်းပြီး ကျောင်းအဆောက်အဦများ ဆောက်လုပ်နေသည်ကို လေ့လာသည့် အခါတွင်လည်း လုပ်ငန်းအတွေ့အကြုံအရ လိုအပ်ချက် အများအပြား တွေ့နေရသောကြောင့် စာရင်းစစ်ရုံးအဆင့်ဆင့် အနေဖြင့် လည်း နိုင်ငံတော် အတွက် နစ်နာမှုများကို စစ်ဆေးဖော်ထုတ်နိုင်ရန် လိုအပ်ပါကြောင်း အကြံပြုဆွေးနွေးသည်။
လဲချားမဲဆန္ဒနယ်မှ ဦးစိုင်းဥက္ကာက လက်ရှိမြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသည့် ထုတ်လုပ်မှုအပေါ် အချိုးကျခွဲဝေသည့် စာချုပ်အရ သတ္တုတူးဖော်သည့်လုပ်ငန်း တွင် အမှန်တကယ် ထုတ်လုပ်သည့်ပမာဏကို ကာလအလိုက် စာရင်းသွင်းအစီရင်ခံပြီး ၎င်း ထုတ်လုပ်မှုအပေါ် နိုင်ငံတော်က အချိုးကျခွဲဝေရမည် ဖြစ်ပါကြောင်း၊ သို့သော်လစဉ်ပုံသေ သတ်မှတ်၍ ပေးသွင်းစေခြင်းသည် လက်တွေ့အခြေအနေနှင့် သွေဖီနေသည်ဟု သုံးသပ်ရပါကြောင်း၊ အမှန်တကယ်ထုတ်လုပ်မှု ပမာဏကို မှန်ကန်စွာ သိရှိမှသာ ဓာတ် သတ္တုခွန်နှင့် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှ ရရှိမည့် ထုတ်လုပ်မှုအချိုးကို တိကျစွာ တွက်ချက်နိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါ ထုတ်လုပ်မှု ပမာဏအပေါ် စာရင်းသွင်း တွက်ချက်ပုံနည်းလမ်းများကိုလည်း ဝန်ကြီးဌာန အနေဖြင့် ထပ်မံရှင်းလင်းရန် လိုအပ် သည်ကို အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။
အဆိုပါ အစီရင်ခံစာ ဒုတိယတွဲ( ၁/၂၀၂၀) နှင့် စပ်လျဉ်း၍ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ မင်းကင်းမဲဆန္ဒ နယ်မှ ဦးမောင်မြင့်၊ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်နိုင်၊ ဘီး လင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး၊ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ မင်းလှမင်းဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုး၊ ပေါင် မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဟန် ဝင်းသိန်း၊ မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေး၊ တနင်္သာရီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်း၊ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာကျော်ငွေ၊ ဗဟန်းမဲဆန္ဒနယ်မှ ဦးထွန်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာစန်းမောင်မောင်၊ မင်းလှ မဲဆန္ဒနယ်မှ ဦးကျော်ကြီး (ခေါ်) ဦးအုန်းခင်၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ တနင်္သာ ရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၊ မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ် နှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း တို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ ကို ဖေဖော်ဝါရီ ၁၇ရက် တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်
ဓာတ်ပုံ - စိုးဝင်းထွန်း