နေပြည်တော် ဖေဖော်ဝါရီ ၁၃
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ပူးပေါင်းရေးဆွဲထားသည့် “လူကုန်ကူးမှုခင်းများ ပူးပေါင်းစစ်ဆေး တရားစွဲဆိုရေး လမ်းညွှန်ချက်များ” ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေစခန်း အမှုစစ်အရာရှိများနှင့် ဥပဒေ အရာရှိများအကြား ကြုံတွေ့ရသော စိန်ခေါ်မှုများအား ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ (Workshop on Reviewing the challenges of Police-Prosecutors Guidelines in Trafficking in Persons Cases) ကိုယနေ့နံနက် ၉ နာရီက နေပြည်တော် Hilton Hotel ၌ ကျင်းပသည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့ ပူးပေါင်း၍ လူကုန်ကူးမှုခင်းများ ပူးပေါင်း တရားစွဲဆိုရေး လမ်းညွှန်ချက်ကို ၂၀၁၈ ခုနှစ်တွင် ထုတ်ဝေခဲ့ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသဖြင့် ယင်းအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခြင်းကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်၊ နယ်မြေရဲစခန်း အမှုစစ် အရာရှိများနှင့် ဥပဒေအရာရှိများအကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ယနေ့ ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အတွက် ကောင်းမွန်သည့်ရလဒ်ကို ဦးတည်ကာ တရားစွဲအဖွဲ့ အစည်းနှင့် ဥပဒေအရာရှိတို့ ပူးပေါင်းဆောင်ရွက်ရာတွင် လက်တွေ့ နယ်ပယ်၌ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များကို ပွင့်ပွင့်လင်းလင်း အပြုသဘောဆောင်သော ဆွေးနွေး မှုဖြင့် ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြရန် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် မြင့်ထူးက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးကဏ္ဍ အရေးကြီးပုံနှင့်စပ်လျဉ်း၍ အမေရိကန်နိုင်ငံ၏ Tier အဆင့်သတ်မှတ်သည့် စံနှုန်းများ၊ Tier အဆင့်ကျပါက ကြုံတွေ့ ရနိုင်သည့် စိန်ခေါ်မှုများကို ရှင်းလင်းပြောကြားပြီး ပူးပေါင်းဆောင်ရွက်ရေးလမ်းညွှန်ချက်များကို လက်တွေ့ လိုက်နာ ဆောင်ရွက်ရာတွင် ကြုံတွေ့ ရသည့် စိန်ခေါ်မှုများကို တက်ရောက် လာသူများက တင်ပြဆွေးနွေးကြ စေလိုကြောင်း တိုက်တွန်းပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိ ၃၀ နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေ အရာရှိ ၂၅ ဦး စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်