နေပြည်တော် ဇူလိုင် ၉
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှာစကားပြောကြားရာတွင် COVID-19 ရောဂါ သည် ကမ္ဘာ့နိုင်ငံအချို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းနှင့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလများတွင် စတင်ဖြစ်ပေါ်ခဲ့ပြီး မိမိတို့နိုင်ငံတွင် မတ်လ ၂၃ ရက်တွင် စတင်ဖြစ်ပွားခဲ့ကြောင်း၊ ရောဂါဖြစ်ပွားမှု ပထမလှိုင်းကာလနှင့် ဒုတိယလှိုင်းကာလများတွင် ဖြစ်ပွားမှုနှုန်း နည်းပါးခဲ့သော်လည်း ယခုနှစ်မေလနှောင်းပိုင်းနှင့် ဇွန်လဆန်းပိုင်းတွင် တတိယလှိုင်းဖြစ်ပေါ်လာပြီး ကူးစက်မှုနှုန်းမြင့်တက်လာခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ထိုအခြေ အနေကိုစိုးရိမ်နေရုံဖြင့်မရဘဲ COVID-19 ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်ရန်ရှိသည်များကို ဆက်လက်ဆောင်ရွက်နေရန်လိုကြောင်း၊ COVID-19 ရောဂါ ကာကွယ်ရေးအတွက် ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်းအပိုင်းနှစ်ခုရှိကြောင်း၊ မိမိတို့ နိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ တွင် ၂၉၆ မြို့နယ်တွင် ရောဂါပိုးကူးစက်မှုရှိကြောင်း၊ COVID-19 နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် အမိန့်များအား အများပြည်သူများ တိတိကျကျလိုက်နာရန်နှင့် လူစုလူဝေးများမပြုလုပ်ရန်လိုအပ်ပြီး မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စရပ်များရှိပါကလည်း အတတ်နိုင်ဆုံးအကာကွယ်များဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အလားတူ ကိုယ်ခံစွမ်းအားများကောင်းမွန်အောင် နေထိုင်စားသောက်ရန်လည်း လိုအပ်ကြောင်း၊ ယခုအခါ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် စာသင်ကျောင်းများကိုလည်း ခေတ္တပိတ်ထားကြောင်း၊ နိုင်ငံအတွင်း COVID-19 ရောဂါဖြစ်ပွားမှုအား မျက်ခြည်မပြတ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် COVID-19 ရောဂါ ကာကွယ်ရေးသည် နိုင်ငံအတွက်အရေးကြီးသည့် အနေအထားတစ်ခုဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က COVID-19 ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးနှင့် ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “ကျွန်တော်တို့ အနေနဲ့ ကာကွယ်ကုသခြင်း အပိုင်းမှာလည်း တစ်ဖက်ကလည်း ကျွန်တော် တို့ ဆေးတွေ ဝယ်ခဲ့တာရှိတယ်။ အရင် အစိုးရလက်ထက်တုန်းက ဆေးဝယ်ခဲ့တာရှိတယ်။ အိန္ဒိယနိုင်ငံကနေ ကျွန်တော်တို့ ဆေးဝယ်တာ အလုံးသန်း ၃၀ ကျွန်တော်တို့ ဝယ်ခဲ့ပါတယ်။ ဝယ်ခဲ့တဲ့ အခါမှာလည်း ပထမအသုတ် ၂ သန်းရောက်ပြီးတော့ နောက်ပိုင်းကျတော့ အကြောင်း အမျိုးမျိုးနဲ့။ အထူးသဖြင့် အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေတဲ့ သူတို့ရဲ့ ရောဂါပြန့်ပွား မှုအခြေအနေအရ သူတို့ကန့်သတ်မှုတွေ ပြုလုပ်တဲ့အခါမှာ သူတို့မှာလည်း ပေးဖို့အတွက် အခက်အခဲတွေရှိပါတယ်။ ဒီသန်း ၃၀ မှာလည်း ကြိုတင်ငွေလည်း ပေးပြီးသားပါ။ ၇၅ သန်း ကျွန်တော်တို့ပေးထားတယ်။ အဲ့ဒီတော့ ၂ သန်းရောက်ပြီးတော့ နောက်ထပ် ထပ်မလုပ်နိုင်ဘူး။ ဒီကြားထဲမှာ တရုတ်နိုင်ငံကနေပြီးတော့ ကူညီပေးတဲ့ ဆေးတွေရှိပါတယ်။ နောက်တခြားအလှူရှင်တွေကနေပြီးတော့လှူပေးတဲ့ Small amount လှူပေးတာတွေလည်း ရှိပါတယ်။ နောက် ကျွန်တော်တို့လည်း လိုအပ်ချက်အရ ရုရှားနိုင်ငံကို သွားတဲ့ အချိန်မှာလည်း ရုရှားနိုင်ငံမှာ ကျွန်တော်ကိုယ်တိုင်ပဲ ကာကွယ်ရေးဝန်ကြီးရော၊ သူတို့ရဲ့ လုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ်နဲ့လည်း တွေ့ဆုံပြီးတော့ ဒါလိုချင်တယ်ဆိုတော့ သူတို့ချက်ချင်းပဲ အရေးတယူဆောင်ရွက်ပေးတယ်။ ၂ သန်း လိုချင်တယ်ပြောတော့ ရမယ်တဲ့။ သူတို့မှာလည်း အခက်အခဲက ဘာလဲဆိုတော့ သူတို့ရဲ့ Capacity က ထုတ်နိုင်တဲ့ Capacity ကအများကြီးမရှိဘူး။ တစ်ကမ္ဘာလုံးသူတို့က ဖြန့်နေရတာ။ ဖြန့်နေရတော့ သူတို့ကလည်း မပေးနိုင်ဘူး ဖြစ်နေတာ။ ခွဲခွဲပြီး ပို့နေရတာ။ မရတော့မဟုတ်ဘူး။ ဒီလထဲမှာပဲ သူတို့ စပို့မယ်ဆိုပြီးတော့ ပြောပါတယ်။ ဘယ်လောက်ပေးနိုင်မယ်ဆိုတာ ကတော့ ပို့တဲ့အချိန်မှပဲစပြီး amount ကို သူတို့က ပြောနိုင်မယ်ပြောပါတယ်။ သောင်းဂဏန်း အထက်တော့ ရှိပါလိမ့်မယ်လို့ သူတို့က ပြောပါတယ်။ ဒီလိုပဲ တရုတ်နိုင်ငံကလည်း ကျွန်တော်တို့ကို ဆေးဝါး အကူအညီတွေ၊ ကာကွယ်ဆေးတွေ အကူအညီပေးခဲ့တာ ရှိသလိုပဲ အခုလည်း နောက်ထပ်ပြီး ၅ သန်း ကျွန်တော်တို့အပေါ်မှာ ရောင်းချပေးတာတွေရှိတယ်။ နောက် ကျွန်တော်တို့က ပုဂ္ဂလိက ဆေးရုံတွေ၊ ကုမ္ပဏီတွေကိုလည်း COVID-19 ဆေး ဝယ်ယူရေးနဲ့ပတ်သက်ပြီး ခွင့်ပြု ပေးခဲ့တာတွေရှိပါတယ်။ ဒါကတော့ ကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့ပါ ဒါလည်း လုံလောက်ပြီလားဆိုတော့ မလုံလောက် သေးပါဘူး။ မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၅ သန်းရှိပါတယ်။ သူတို့ပြောတာတော့ ၁၈ နှစ်နဲ့ အထက်ကို ထိုးဖို့ပြောတာပေါ့လေ။ သို့သော်လည်းပဲ ၁၈ နှစ်အောက်ကလည်း လူပဲဖြစ် တယ်။ သူတို့အတွက် Effect ဖြစ်မယ်။ Save ဖြစ်မယ်ဆိုရင်လည်း ကျွန်တော်တို့က သူတို့ ထိုးနိုင်ဖို့အတွက် စီစဉ်ပေးရမှာဖြစ်တယ်။ အဲ့ဒါတော့ ဘယ်အရွယ်ထိ ထိုးနိုင်မယ်ဆို တာ တော့ ဆုံးဖြတ်လို့ မရသေးပါဘူး။ ဒါ သက်ဆိုင်ရာ ဆေးထုတ်လုပ်တဲ့ နိုင်ငံတွေရဲ့ ကြေညာချက်တွေအပေါ် မူတည်ပြီး ကျွန်တော်တို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဝယ်မယ့်ဆေးက၊ လက်ရှိ ဝယ်ထားတဲ့ဆေးက သိပ်များတာ မဟုတ်တဲ့အတွက်ကြောင့် ပြည်တွင်းမှာလည်း မြန်မာနိုင်ငံဆေးဝါးစက်ရုံကနေပြီးတော့ ဆောင်ရွက်နိုင်တဲ့ အနေအထားမှာရှိရင် ထုတ်ဖို့ဆိုပြီး ကျွန်တော်တို့ ဆောင်ရွက်ပေးနေတာရှိပါတယ်။ ဒါလည်း ရုရှားနိုင်ငံမှာ ဆွေးနွေးရာမှာ မူအားဖြင့် သူတို့သဘောတူပြီး ဖြစ်ပါတယ်။ သူတို့ သဘောတူတယ်။ ပူးပေါင်းဆောင်ရွက်ချင်တယ်။ သူတို့ဒီမှာ လာကြည့်ပါရစေ။ လာကြည့်ပြီးတော့ သူတို့ ဘယ်လိုလုပ်မယ်ဆိုတာ ဆုံးဖြတ်မယ်ဆိုပြီးတော့ပြောပါတယ်။ ဒီလထဲမှာ သူတို့ လာဖို့ရှိပါတယ်။ ကျွန်တော်ကတော့ စောနိုင်သမျှ စောအောင် လာနိုင်ဖို့အတွက် ဖိတ်ထားတာ ရှိပါတယ်။ သူတို့တင်မဟုတ်ပါဘူး ကျန်တဲ့ အခြားပူးပေါင်း ဆောင်ရွက်ရေး နယ်ပယ်တွေကလည်း အကုန်လိုက်လာကြမှာပါ။ သို့သော်လည်း မြန်မာနိုင်ငံမှာက လက်ရှိအခြေအနေမှာက ဖြစ်ပွားမှု နည်းနည်းလေး များနေတဲ့ အတွက် သူတို့ လာနိုင်တဲ့ အခြေအနေကိုလည်း ချင့်ချိန်ဖို့တော့ ရှိပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ဒါတော့ ကျွန်တော်တို့က ကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့ ပြောခြင်းဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဝယ်ထားတဲ့ဆေးတွေလည်း ဆောလျင်စွာ မြန်မြန်ပြီးစီးအောင် ထိုးဖို့လည်း လိုပါတယ်။ လက်ထဲမှာ ဘာမှ လက်ကျန်မထားပဲနဲ့ သူ course အတိုင်း ပြည့်အောင် ထိုးဖို့လည်း လိုပါမယ်” ဟုပြောကြားသည်။
ဆက်လက်ပြီး ရောဂါကုသခြင်း အပိုင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် “ နောက် တစ်ခါ ကျွန်တော်တို့ ကုသရေးအပိုင်းနဲ့ ပတ်သက်ပြီးတော့ ဆေးရုံတွေလည်း အတတ်နိုင်ဆုံး။ ပြီးခဲ့တဲ့လကတည်းက ကျွန်တော်တို့က ဆေးရုံတွေ အကုန်လုံး ပြင်နေတာတွေ ရှိတယ်။ စိတ်ထဲမှာ သံသယဖြစ်တာနဲ့ အကုန်လုံး ဆေးရုံတွေ ပြင်ခိုင်းထား တာ ရှိတယ်။ အရင်ကလည်းလုပ်ပြီးသားပါ ကျွန်တော်တို့ မဖျက်ပါဘူး။ ဒါလည်း ပြန်ပြီးတော့ တပ်လှန့် နှိုးဆော်ပြီးတော့ လုပ်ခဲ့တာတွေရှိတယ်။ ဒါတွေဆောင်ရွက်မှု အခြေအနေတွေကိုလည်း တာဝန်ရှိတဲ့ပုဂ္ဂိုလ်များက တင်ပြပေးဖို့ ကျွန်တော်ပြောလိုပါတယ်။ နောက်တစ်ခုက ဘာလဲဆိုရင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိ နိုင်ငံရေးအခြေအနေ အရ တချို့နေရာတွေမှာ အခက်အခဲရှိတာကို ကျွန်တော်တို့ တွေ့ပါတယ်။ အဲဒီတော့ ဘာပဲပြောပြော ဖြန့်လို့ရတဲ့သူတွေကို ကျွန်တော်တို့က Distribution ပြန်လုပ်မှာပေါ့။ များတဲ့ နေရာကနေပြီးတော့ နည်းတဲ့နေရာကို၊ မရှိတဲ့ နေရာကို သွားဖို့ တစ်ခုရှိမယ်။ နောက်တစ်ခုက အဲဒီလိုမှ မရဘူးဆိုရင် ကျွန်တော်တို့က ဆရာ ဝန် တွေကို ကန်ထရိုက်စနစ်နဲ့ ခန့်ထားဖို့လည်း စီမံပေးထားတာ၊ မှာထားတာ ရှိပါတယ်။ ဒါလည်း ဆက်လက်အကောင်အထည်ဖော်ဖို့ လိုပါလိမ့်မယ်။ တပ်မတော် ကနေပြီးတော့။ ပြီးတော့ ခုနက Distribution ဆိုတဲ့နေရာမှာလည်း တပ်မတော်ဘက်က သူတွေလည်း ပါပါတယ်။ ကျွန်တော်တို့လည်း အကုန်လုံးမျှပြီးတော့ ပေးသွားမှာပါ။ အကုန်လုံးစု ပြုံပြီးတော့ တပ်မတော်ဆေးရုံမှာပဲ cover လုပ်နေလို့လည်း မရပါဘူး။ ဒါဟာ တိုင်းပြည်ရဲ့ အမျိုးသားရေးဖြစ်တယ်။ နိုင်ငံ့အရေးဖြစ်လာပြီဆိုတော့ အကုန်လုံးဖြန့်ကြက်ပြီးတော့ သွားခိုင်းမှာပါ။ အဲ့ဒီတော့ လိုအပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း အမြန်ဆုံး တွက်ချက်ပြီးတော့ ဆောင်ရွက်ပေးဖို့ ကျွန်တော်ပြောလိုပါတယ်” ဟုပြောကြားသည်။
ထို့နောက် COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကုန်ထုတ်လုပ်မှုနှင့် စက်ရုံအလုပ်ရုံများအား ရပ်ထား၍မရကြောင်း၊ အခြားနိုင်ငံများတွင်လည်း COVID-19 ရောဂါကြိုတင် ကာကွယ် မှုများဆောင်ရွက်၍ စက်ရုံ၊ အလုပ်ရုံများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့်လည်း စက်ရုံအလုပ်ရုံများအား COVID-19 စည်းကမ်း ချက်များနှင့်အညီ Face Mask များတပ်ဆင်ခြင်း၊ သတ်မှတ် အကွာအဝေးအတိုင်း နေထိုင်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ စားသောက်ခန်းများ သတ်မှတ်ချက်များ လိုက်နာ ၍ စက်ရုံအလုပ်ရုံများ လည်ပတ်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင်လည်း လိုအပ် သည့်ရောဂါကာကွယ်မှုများဖြင့် ဆောင်ရွက်မည်ဆိုပါက လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ လူဦးရေသန်းပေါင်း ၇၉၀၀ ခန့်တွင် ရောဂါပိုးတွေ့ရှိသူ ၁၈၅ သန်းကူးစက်မှုခံရသဖြင့် ရာခိုင်နှုန်းအရနည်းပါးကြောင်း၊ မိမိတို့ နိုင်ငံသည် ရောဂါကူးစက်မှုနှုန်းရာခိုင်နှုန်း များပြားသည့်နိုင်ငံတွင် မပါရှိသေးသော်လည်း ပေါ့ဆမနေဘဲ လိုအပ်သည့် ကြိုတင်ကာကွယ်မှုများကို ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် COVID-19 ကာကွယ်ရေးနှင့်ပတ်သက်၍ ထုတ်ပြန်ထား သည့်စည်းကမ်း ချက်များအား သတိတရားရှိရှိဖြင့် တိတိကျကျ လိုက်နာမည်ဆိုပါက ကူးစက်မှုနှုန်းအား လျှော့ချနိုင်မည်ဖြစ်ကြောင်း။
COVID-19 ရောဂါကာကွယ်ရေးအတွက် လိုက်နာရန်အချက်များအား ပြည်သူများ သိရှိစေရေး ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာများနှင့် ပုဂ္ဂလိက ရုပ်မြင်သံကြားဌာနများ၊ ရေဒီယိုသတင်းဌာများက ပညာပေးမှုများအမြဲမပြတ်သတိ ပေးဆောင်ရွက်နေရန်လိုကြောင်း၊ တစ်ဖက်က သတိပေးမှုများဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်မှလည်း ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း၊ COVID-19 ရောဂါ ကာကွယ်ခြင်းနှင့် ကုသခြင်းအပိုင်းများကိုဆောင်ရွက်နေရန်လိုအပ်သကဲ့သို့ နိုင်ငံ၏စီးပွား ရေးမကျဆင်းအောင်လည်း ဆောင်ရွက်ရန်လိုကြောင်း၊ COVID-19 ရောဂါကာကွယ်ရေး အတွက် အားလုံးတက်ညီလက်ညီ စည်းကမ်းရှိရှိဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက အောင်မြင်မည်ဟု ယုံကြည်ကြောင်းပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် အစည်းအဝေးသို့ တက်ရောက် လာ ကြသူများက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာများနှင့် ပတ်သက်၍ ရောဂါကူးစက်ခံရသူများအတွက်လိုအပ်သည့် အောက်ဆီဂျင်များ လုံလောက်စွာရရှိရေး ဆောင်ရွက်နေမှုအခြေအနေ၊ Stay at Home ပြုလုပ်ထားသည့် မြို့နယ် များအပြင် အခြားမြို့နယ်များတွင်လည်း COVID-19 စည်းကမ်းများနှင့်အညီ စနစ်တကျ သွားလာရေးအတွက် Campaign များ ပြုလုပ်ရန်ဆောင်ရွက်နေမှု၊ လုံခြုံရေးအဖွဲ့များမှ စနစ်တကျကြပ်မတ်ဆောင်ရွက်ရေးနှင့် ရောဂါကူးစက်မှုခံရသည့် လူနာများအား ဆေးရုံ များတွင်လက်ခံကုသ ဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ ကုသရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ရန်အတွက် ပြင်ပဝန်ထမ်းများအား နေ့စားအနေဖြင့် ခန့်အပ်ဆောင်ရွက် လျက်ရှိမှုအခြေအနေ၊ ကူးစက်မှုများ လျော့ကျစေရေးအတွက် ကာကွယ်ရေးလုပ်ငန်း များကို အထူးဂရုပြုဆောင်ရွက်ရန်လိုအပ်မှုအခြေအနေ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အလိုက် သွားလာမှုကိုလျှော့ချခြင်းနှင့် လူတိုင်း Face Mask များတပ်ဆင်ရေး ကြပ်မတ် ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေ၊ ကျန်းမာရေးအသိပညာပေးမှု လုပ်ငန်းများအား အများပြည်သူများသိရှိရေး ဆောင်ရွက်လျက်ရှိ သည့်အခြေအနေနှင့် တိုးချဲ့ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေ၊ လူအများစုဝေး နိုင်သည့် ဘာသာရေးဆိုင်ရာနေရာများ၊ အကျဉ်းဦးစီး ဌာနများကိုလည်း နှိုးဆော်ဆောင်ရွက်သွားမည့်အခြေအနေ၊ ကာကွယ်ဆေး များထိုးနှံရာတွင် လည်း သက်ကြီး ရွယ်အိုများနှင့် စက်ရုံ၊ အလုပ်ရုံများ၊ ဘဏ်များနှင့် အခြားပုဂ္ဂလိက ဝန်ထမ်းများအား ဦးစားပေးထိုးနှံ ဆောင်ရွက်ပေးသွားမည့်အခြေအနေ၊ COVID-19 ကူးစက်မှုကြောင့် ဘဏ်လုပ်ငန်းများ မထိခိုက်စေရေး ဘဏ်များအား COVID-19 စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ် ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေ၊ ရောဂါ ကူးစက်ခံရသူများအား တပ်မတော် တပ်ရင်း/တပ်ဖွဲ့များတွင် လက်ခံထားရှိကုသနိုင်ရေး ပြင်ဆင်ဆောင်ရွက် လျက်ရှိသည့် အခြေအနေ၊ ဆေးရုံများတွင် အောက်ဆီဂျင် လုံလောက်စွာ ရရှိရေးအတွက် တပ်မတော်စက်ရုံများမှ ထုတ်လုပ်ဖြန့်ဝေပေးနေမှု အခြေအနေများအား ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် ဆွေးနွေးမှုများသာမက လုပ်ငန်းများကိုလည်း စဉ်စက်မပြတ် ဆက်လက်ဆောင်ရွက်နေရန်လိုကြောင်း၊ ကာကွယ်ရေးသည်အဓိက အရေးအကြီးဆုံးဖြစ်သဖြင့် ဦးစားပေးဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အပိုင်းတွင် အားလုံးဝိုင်းဝန်း ပါဝင်ဆောင်ရွက် နိုင်ရေးနှင့် ပတ်သက်၍ပြောကြားရာတွင် “အဓိကကတော့ ကာကွယ်ရေးပိုင်းက အရေးအကြီး ဆုံးပဲ။ ကာကွယ်ရေးမှာ မနိုင်လို့ရှိရင် ကုသရေးမှာလည်း တော်တော် heavy ဖြစ်မယ်။ အဲဒီတော့ ကာကွယ်ရေးကတော့ အရေးကြီးဆုံးပဲ။ ကာကွယ်ရေးကို ဦးစားပေးပြီးတော့ လုပ်တာတော့ ပိုပြီးတော့ကောင်းမယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ဒါကြောင့် အများပြည်သူကနေပြီးတော့မှ လိုက်နာရမယ့် စည်းကမ်းတွေ။ တလေးတစားကို လုပ်ဖို့လိုပါတယ်။ နောက်တစ်ခုကလည်း Co-operation၊ Co-ordination ပေါ့။ ပူးပေါင်း ဆောင်ရွက်မှုတွေလုပ်ဖို့လည်း လိုတယ်။ ဟိုလူတွေ၊ ဒီလူတွေ ခွဲလို့ မရပါဘူး။ အရေးကြီးတာကတော့ လူသား တစ်ယောက်ရဲ့ကျန်းမာရေးအပေါ် မူတည်ပြီးတော့ လုပ်ကြရတာ ဖြစ်တယ်။ ဘယ်သူပဲ ဖြစ်ဖြစ်ပါ။ ဖြစ်လာလို့ရှိရင်တော့ အကုန်လုံး လုပ်ပေးရမယ့်သဘော ရှိတယ်။ လုပ်ရမယ့်သဘော လည်းရှိတယ်။ လုပ်ပေးရမယ့် သဘောလည်း ရှိတယ်။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း ငြင်းပယ်လို့ မရပါဘူး။ နောက်တစ်ခါ ထုတ်လို့ရတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို။ စောစောက ဆွေးနွေးရင်းနဲ့ ကျွန်တော်ချက်ခြင်းတန်းပြောတယ်။ ကျွန်တော်တို့ဆီမှာ ဆေးတပ်ကြပ် တွေရှိတယ်။ Medical Corporal တွေ Medical Sergeant တွေရှိတယ်။ MA တွေရှိတယ်။ သူတို့လည်း သုံးလို့ရတယ်။ အနည်းဆုံးတော့ Third Grade တက်ပြီးသားတွေပဲ။ အနည်းဆုံးတော့ ဆေးထိုးပေးလို့ရတယ်ဗျာ။ ကျွန်တော်က သတိရတာနဲ့ ချက်ချင်း တန်းပြောတာ။ မေ့သွားမှာစိုးလို့ ချက်ချင်းလုပ်ပါလို့ ဒါကိုပြောလိုက်တာ။ အဲဒီတော့ အပြင်မှာလည်း ဒီလိုမျိုး သင်တန်းတက်ပြီးသားတွေ ရှိလိမ့်မယ်။ ဒါတွေလည်း ကြေညာလိုက်ပါ။ အတတ်နိုင်ဆုံး Volunteer အဖွဲ့မှာ လာကူညီကြဖို့ပေါ့။ ကျန်းမာရေး တစ်ခုနဲ့ပတ်သက်ပြီး သင်တန်းတက်ပြီး သားသူတွေက နီးစပ်ရာမြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ကျန်းမာရေး ဆေးရုံတွေမှာ လာရောက် ဆက်သွယ်ပြီးတော့ ဆောင်ရွက်ပေးဖို့ နိုင်ငံတော်က ကြေညာပေးလိုက်တာ ကောင်းမယ်။ အဲ့ဒါဆိုရင်တော့ ပိုပြီးတော့ ထိရောက်လိမ့်မယ်။ အများကြီး ရနိုင်တယ်။ မြန်မာတွေက Volunteer စိတ်ရှိပါတယ်။ သူများတိုင်းပြည်နဲ့ မတူတာက ကျွန်တော်တို့မှာ လူမှုရေးစိတ်ရှိတယ်။ ကူကြ၊ ကယ်ကြမယ့်သူတွေအများကြီး ရှိတယ်။ အဲဒီတော့ ရအောင် လုပ်မယ်လို့ ဆိုရင် ဘယ်လိုမှ မဖြစ်စရာ အကြောင်း မရှိဘူး။ အဲ့ဒါကြောင့် အဓိက ကတော့ ကာကွယ်ရေးပိုင်း မှာ လုပ်ဖို့ရယ်။ ပြည်သူလူထုရဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ တိုင်းသူပြည်သားတွေရဲ့ တာဝန်သိသိ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ လုပ်မယ်ဆိုရင်တော့ ကျော်လွှားနိုင်မယ်လို့ ကျွန်တော်ပြော လိုပါတယ်။ အဲ့ဒါကိုအဓိ ကထားပြောလိုပါတယ်” ဟု ပြောကြားသည်။
ထို့နောက် ဝါဆိုလပြည့်နေ့၊ အီဒုလ်အဿွာဟာနေ့နှင့် အာဇာနည်နေ့များ သည် လူအများနှင့်သက်ဆိုင်သည့် နေ့များဖြစ်ခြင်းကြောင့် လူစုလူဝေးများဖြစ်ပေါ်လာနိုင် သဖြင့် COVID-19 ဆိုင်ရာစည်းမျဉ်းစည်းကမ်းများအား တိကျစွာဖြင့် အလေးထား လိုက်နာရန်နှင့် လူစုလူဝေးများမပြုလုပ်ကြရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးသာမက ကုသဆေးများ လုံလုံလောက်လောက်ရှိစေရေး ကြိုတင်ဖြည့်ဆည်းဆောင်ရွက် ထားရန်လို ကြောင်း၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ ဘဏ္ဍာငွေများသုံးစွဲရာတွင် မည်သည့်ကန့်သတ်ချက်မျှ ကန့်သတ်ထားခြင်းမရှိကြောင်း၊ ထိထိ ရောက်ရောက်၊ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်အသုံးချနိုင်ရေး သက်ဆိုင်ရာဝန်ကြီး ဌာနများက ဆောင်ရွက်သွားရန်ဖြစ် ကြောင်း၊ ရောဂါဖြစ်ပွားနေသူများအတွက် အောက်ဆီဂျင်လိုအပ်မှုနှင့်ပတ်သက်၍ အမြန်ဆုံးဆောင်ရွက်လျက်ရှိပြီး Oxygen Plant များ အမြန်ဆုံးစွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးနှင့် Liquid Oxygen များ ဖြည့် တင်းနိုင်ရေး၊ ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းသုံး Oxygen Plant များကိုလည်း အသုံးပြုနိုင်ရေး လုပ်ဆောင်ထားပြီး ဥပမာအားဖြင့် မြန်မာ စီးပွားရေးကော်ပိုရေးရှင်း(MEC)၏ စက်မှုလုပ်ငန်းသုံး Oxygen Plant များမှလည်း အောက်ဆီဂျင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ကန့်သတ်စောင့်ကြည့်ရမည့်သူများကို နေရာဒေသအလိုက် ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ တပ်ရင်း၊ တပ်ဖွဲ့များကို ပြင်ဆင်ခိုင်းထားကြောင်း၊ မိမိတို့နိုင်ငံ၌ တပ်ရင်း၊ တပ်ဖွဲ့များသည် မြို့နှင့်ဒေသအများစု၌ရှိသောကြောင့် ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရှိပြီးဖြစ်သည့် လူနာတင်ယာဉ်များကို အမှန် တကယ်အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ထားသကဲ့သို့ အရေးပေါ်လူနာများရွှေ့ထုတ်ရေး၊ အချိန်မီသယ်ဆောင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လိုအပ်သည့်နေရာများ၌ တပ်မတော်မှလေယာဉ်ရဟတ်ယာဉ်များအသုံးပြု၍ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိပြောခဲ့သလို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကာကွယ်ဆေးများ မကြာ မီရက်ပိုင်းအတွင်း ရောက်ရှိလာမည်ဖြစ်သဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၏သတင်း အခြေအနေမှန်အား ဦးစီးအဖွဲ့မှအချိန်နှင့်တစ်ပြေးညီ သိရှိနေမှသာကြိုတင်ပြင်ဆင်၍ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)