ရန်ကုန် ဖေဖော်ဝါရီ ၁၃
ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်ပြည့် မွေးနေ့အလှူအဖြစ် Taw Win Art Gallery က ကြီးမှူး၍ ပန်းဘဲတန်း မြို့နယ်နေ ပန်းချီဆရာ ဆရာမများ ရေးဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီကားများ စုစည်းပြသသည့် ပန်းချီပြပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး ရှိ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်း အရုံး(ဗဟို)၌ ကျင်းပသည်။
ပန်းချီပြပွဲနှင့်ပတ်သက်၍ ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင် ဦးက “ဒီနေ့ပြပွဲလေးက ဗိုလ်ချုပ် အောင်ဆန်းရဲ့ (၁၀၅) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ပန်းဘဲတန်း မြို့နယ် ပန်းချီအစည်းအရုံးက ဦးဆောင်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီပြပွဲလေးလုပ်တာပါ။ ဒီက ရောင်းရတဲ့ငွေကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကိုလှူဖို့ အစီအစဉ် ရှိပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေ၊ အဖွဲ့အစည်းတွေ ပူးပေါင်း ဆောင်ရွက် တာတွေရှိပါတယ်။ အခုလို အထင်ကရ အမျိုးသားခေါင်းဆောင် ကြီးရဲ့ မွေးနေ့အထိမ်းအမှတ် အမှတ် တရဖြစ်အောင် ဗိုလ်ချုပ်အောင်ဆန်း ပုံတွေကိုပဲ အထူးသီးသန့်ရေးဆွဲကြပြီး ဒီနေ့ ပြသတာဖြစ်ပါတယ်။ ဗိုလ်ချုပ် ရဲ့စိတ်ဓာတ်တွေ နောင်ကလေး တွေ ရင်ထဲမှာ ကိန်းအောင်းအောင်လို့ ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဗိုလ်ချုပ် က အမှန်တရားကို မြတ်နိုးတယ်။ တိုင်းပြည်အတွက် သူ့ရဲ့ကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံတဲ့ စိတ်ထားကို အခုခေတ်ကလေးတွေ သိစေချင်တယ်။ ဗိုလ်ချုပ်ရဲ့ ပန်းချီကားတွေက ဗိုလ်ချုပ် ရဲ့သမိုင်းတွေကို ပြောပြလို့ရတဲ့ အခြေအနေတွေရှိတယ်။ ဒါတွေကို ပန်းချီဆရာတွေက ပုံဖော်ပြသ ထားပြီး လာရောက်ကြည့်ရှုတဲ့ သူတွေကို ပန်းချီဆရာတွေက ပြန်ရှင်းပြတာတွေ လုပ်စေချင်တယ်။ ဗိုလ်ချုပ်ရဲ့အတုယူ စရာတွေ ကို နမူနာယူပြီး နောင်လာ နောက်သား ကလေးတွေအတွက် တိုင်းပြည်ချစ်စိတ်၊ လူမျိုးကိုချစ်တဲ့ စိတ်တွေ ပေါ်ပေါက်လာအောင် ကိုယ့်မြို့နယ်ထဲမှာ အခွင့်အခါသင့် တိုင်း ဒီလိုပွဲမျိုးတွေကို ပြသဖို့ ကြိုးစား ရတာဖြစ်ပါတယ်”ဟု ပြောသည်။
အဆိုပါပန်းချီပြပွဲကို ယနေ့မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ ပြသသွား မည်ဖြစ်ရာ ပန်းချီကားတစ်ကားလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ဝယ်ယူ အားပေးနိုင်ပြီး ပန်းချီကားရောင်းရငွေ များကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ရီရီမြင့်