Skip to main content

မြန်မာနိုင်ငံကလေးများနေ့ နှင့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖျော်ဖြေပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် တက်ရောက်

မုံရွာ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာနိုင်ငံကလေးများနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖျော်ဖြေပွဲကို ယမန်မနေ့ ည (၇)နာရီခွဲက မုံရွာမြို့ ကန်သာယာ ငြိမ်းချမ်းရေးကျွန်း၌ ကျင်းပသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက  (၇၃)နှစ်‌မြောက် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ၌ (၇)တက်၊(၅)တက် လှေလှော်ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူ လှေလှော်အသင်းများအားလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလားတူ ထမနဲထိုးပြိုင်ပွဲနှင့် မူလတန်း၊အလယ်တန်း၊အထက်တန်းအဆင့် ဗိုလ်ချုပ်မိန့်ခွန်းပြော၊ ဗိုလ်ချုပ်ပုံ တူပန်းချီ ပြိုင်ပွဲတို့တွင် ထူးချွန်ဆုရရှိသူများကိုလည်းကောင်း ဂုဏ်ပြုဆုငွေများပေးအပ်ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် မုံရွာကျောင်းသားသမဂ္ဂကျောင်းသားကျောင်းသူများက ဗိုလ်ချုပ်အောင်းဆန်း မျှော်မှန်းခဲ့သော ပြည်ထောင်စုကြီးတည်ဆောက်ရန် လူငယ်များတွင် အဓိကတာဝန်ရှိသည် ခေါင်းစဥ်ဖြင့် စကားရည်လုပွဲနှင့် သံချပ်ထိုးသံများအပြင် နိုင်ငံကျော် ဟားငါးကောင်လူရွှင်တော်အဖွဲ့၏ ဖျော်ဖြေတင်ဆက်ကပြမှုများအား ဒေသခံပြည်သူစုစုပေါင်း တစ်သောင်းကျော် ကြည့်ရှု့အားပေးခဲ့ကြောင်းသိရသည်။

ယင်းနောက် စကားရည်လုပွဲတွင် အကောင်းဆုံးစကားပြော စွမ်းရည်ဆုနှင့် သံချပ်အဖွဲ့တို့အား တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ဂုဏ်ပြုဆုများအသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

ထွန်းကိုကို(ယင်းမာပင်)