Skip to main content

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Ms.Suphatra Srimaitreephithak နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ဘားအံ ဖေဖော်ဝါရီ ၁၄

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Ms.Suphatra Srimaitreephithak နှင့်အဖွဲ့အား ယမန်နေ့ နံနက် ၉ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ကျေးလက်ဒေသ လူမှုဖူလုံရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ကူးသန်းရောင်း ဝယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး၊ လျှပ်စစ်စွမ်းအင်နှင့် ထိုင်းနိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြသည်။

ထိုတွေ့ဆုံပွဲသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Ms.Suphatra Srimaitreephithak နှင့်အတူ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဖွံဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (RICA) မှ Sufficiency Economy Philosophy (SEP) လုပ်ငန်းအဖွဲ့ အကြီးအကဲ Mr.Narat Vidyananda ဦးဆောင်သော ကျွမ်းကျင်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး အဆိုပါအဖွဲ့သည် Sufficiency Economy Philosophy (SEP) အခြေပြု Community Development Project သို့ ကွင်းဆင်းလေ့လာရန်၊ အချက်အလက်များ စစ်တမ်းကောက်ယူရန်၊ မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စီမံချက် (MSDP) နှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးသွင်ပြင်နှင့် ဖွံဖြိုးတိုးတက်မှုကိစ္စရပ်များ ရှာဖွေဖော်ထုတ်ရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ခေါင်းဆောင်များနှင့် ဒေသခံပြည်သူများအကြား Community Development Project ကို လက်တွေ့အကောင်အထည် ဖော်နိုင်ရန်အတွက် မြဝတီမြို့နယ် လေးကေ့ကော်ကျေးရွာနှင့် ဘားအံမြို့နယ် မကျီးကျွန်းကျေးရွာများသို့ သွားရောက်လေ့လာမည် ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)