Skip to main content

တာချီလိတ်နယ်စပ် ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ ဝင်/ ထွက် လည်ပတ်လျက်ရှိ

နေပြည်တော်  ဖေဖော်ဝါရီ   ၁၄

နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့် နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာ လည်ပတ်လျက်ရှိပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၃)ရက်နေ့အထိ တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန် ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၁၂၉၀၇) ဦးနှင့် တတိယနိုင်ငံသား နိုင်ငံခြားသား ခရီးသွားဧည့်သည် (၃၄၇) ဦး၊  လန့်တောင်းနေ့ချင်းပြန် ခရီးစဉ်တွင် ထိုင်းနိုင်ငံသား (၃) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသားအများစု ပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် (၅၃၄) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွား ဧည့်သည် (၆၅၄) ဦး ရှိကြောင်း သိရှိရပါသည်။

နေ့ချင်းပြန် ခရီးစဉ်အဖြစ်  တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင် နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော်နှင့် တရုတ်ဘုံ ကျောင်း၊ ကျောက်တန်း ဈေးများသို့ သွားရောက်လည်ပတ်ကြပါသည်။

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရား ခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင် ဆုတောင်း ပြည့် ဆံတော်ရှင်၊  ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်း ဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်းစေတီ၊ ကျော့မ်ဆရီ စေတီ၊ ရမ်းကုန်း ဘုန်းကြီးကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေးစေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာ အနီးရှိ ကိုးထပ်ရေတံခွန်စသည့် အထင်ကရ နေရာများသို့ သွားရောက် လည်ပတ်ခဲ့ကြပြီး တာချီလိတ်မြို့မှ လေကြောင်းဖြင့် တိုက်ရိုက်ပျံသန်းသည့် ဟဲဟိုး- ရန်ကုန်- မန္တလေး- မြစ်ကြီးနား- လားရှိုးမြို့များမှတစ်ဆင့်  မြန်မာနိုင်ငံ အတွင်းပိုင်းရှိ ခရီးစဉ်များအား ဝင်ရောက် လည်ပတ်ခဲ့ ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၃) ရက်နေ့အတွင်း မြဝတီ၊ တမူး နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်ပြီး တာချီလိတ်နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ထွက်ခွာသည့် ခရီးစဉ် (၉) ခု၊ မော်တော်ယာဉ် (၃၀) စီး၊ မော်တော်ဆိုင်ကယ် (၄၃) စီး၊ လူဦးရေ (၁၁၄) ဦးတို့သည် လည်းကောင်း၊ တာချီလိတ် နယ်စပ်ဝင်ပေါက်မှ ဝင်ရောက်ပြီး တာချီလိတ် နယ်စပ်ပေါက် အပါအဝင် မြန်မာနိုင်ငံ နယ်စပ်ဝင်/ထွက်ပေါက် အသီးသီးမှ ထွက်ခွာသည့် ခရီးစဉ် (၄) ခု၊ မော်တော်ယာဉ်(၁၆) စီး၊ လူဦးရေ (၄၈) ဦးတို့သည် လည်းကောင်း အသီးသီး ဝင်/ထွက် ခဲ့ပါသည်။

တာချီလိတ် နယ်စပ်ဝင်ပေါက်မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ  ဖေဖော်ဝါရီလ (၁၃) ရက်နေ့အထိ  နေ့ချင်းပြန်/ညအိပ် ထိုင်းနိုင်ငံသား (၁၄၉၅၃၁) ဦး ၊ တတိယနိုင်ငံသား အများစုပါဝင်သော ခရီးသည် (၂၅၆၃) ဦး၊ လန့်တောင်းနေ့ချင်းပြန် ခရီးစဉ်သို့ ထိုင်းနိုင်ငံသား (၇) ဦး ၊ မိုင်းဖြတ်၊ ကျိုင်းတုံ စုစုပေါင်း ဧည့်သည် (၁၉၉၄) ဦး၊ ဗီဇာ(ဗီဇာကင်းလွတ်ခွင့်) ဖြင့်  စုစုပေါင်း နိုင်ငံခြားသား (၆၄၇၁) ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့ပါကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

(ဟိုတယ်/ခရီး)