ပခုက္ကူ ဖေဖော်ဝါရီ ၁၄
ပခုက္ကူတက္ကသိုလ်အသင်းခွဲမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်းအခြေခံအဆင့် (၁/၂၀၂၀) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်၊ လေးထပ်ဆောင် အခန်း(၃၀၆) ၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်က မိမိ၏အဆင့် တက္ကသိုလ်ကျောင်းတွင် ကျောင်းပညာရေးအပြင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ၊ အားကစားဆိုင်ရာလေ့ကျင့်ခြင်း၊ နိုင်ငံတော်၏ နေ့ထူးနေ့မြတ် အထိမ်းအမှတ်များအဖြစ် ကာယ၊ ဉာဏဆိုင်ရာ ပြိုင်ပွဲများ အစဉ်ကျင်းပပေးရသည့် အကြောင်းရင်းများနှင့် ကျောင်း၏ရည်မှန်းချက်များ အကြောင်းတို့ကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ပခုက္ကူခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက ကြက်ခြေနီအကြောင်း သိကောင်းစရာများ အကြောင်းတို့ကို ပြောကြားပြီး ပခုက္ကူတက္ကသိုလ်၊ အရှေ့တိုင်း ပညာဌာန ပါမောက္ခ(ဌာနမှူး)၊ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဒေါက်တာလှလှမြင့်က “မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ကြီး၏ဦးဆောင်မှု၊ တိုင်းဒေသကြီးနှင့် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်၏ ကြီးကြပ်မှုတို့ကိုခံယူ၍ လူမှုကရုဏာ လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် တက္ကသိုလ်အတွင်းရှိ ဝန်ထမ်းများနှင့် ကျောင်းသား/ သူများအား ရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းများပို့ချခြင်းဖြင့် လူ့စွမ်းအား အရင်းအမြစ်များ ပံ့ပိုးကူညီခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ လူတိုင်းရှေးဦးပြုစုခြင်း ပညာရပ်ပြန့်ပွားစေရန်၊ ရုတ်တရက် ကျရောက်တတ်သော သဘာဝဘေးအန္တရာယ်များအား ကျရောက်ရာ တွင် ကြက်ခြေနီ အခန်းကဏ္ဍမှ ပါဝင်ကူညီဆောင်ရွက်နိုင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုအလေ့အထနှင့် အခြေခံ ရှေးဦးပြုစုခြင်းကို ဆရာ/မများ၊ ကျောင်းသား/သူများ နားလည်တတ်မြောက် စေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းတို့ဖြင့် ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းကို ပခုက္ကူခရိုင်နှင့်ရေစကြိုမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များမှ နည်းပြ (၁၅) ဦးတို့က ၂၀၂၀-ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်မှ (၁၈)ရက်အထိ (၅)ရက်တာ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ပခုက္ကူတက္ကသိုလ်၊ ဘာသာရပ် ပေါင်းစုံမှ သင်တန်းသား/သူ(၂၅၀)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး