Skip to main content

နမ့်ဆန်၌ လက်ဖက်တောင်သူများ လက်ဖက်လုပ်ငန်းအပြင် ဝင်ငွေတိုးလုပ်ငန်း ရရှိရေးအတွက် နည်းပညာ ပေးဆွေးနွေးပွဲ ပြုလုပ်

နမ့်ဆန်  ဖေဖော်ဝါရီ  ၁၄

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ပလောင်လက်ဖက် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းနှင့် Barefoot Doctors Myanmar အဖွဲ့တို့ပူးပေါင်းပြီး နမ့်ဆန် ဒေသရှိ လက်ဖက်တောင်သူများ လက်ဖက်လုပ်ငန်းအပြင် ဝင်ငွေတိုးလုပ်ငန်း ရရှိစေရန် အတွက် နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီက မြို့မဂိုဏ်းချုပ်ကျောင်း တိုက်၌ ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက အမှာစကား ပြောကြားပြီး နမ့်ဆန်မြို့နယ် ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း ဒုဉက္ကဋ္ဌ ဦးအောင်နိုင်ဝင်းက လက်ဖက်တောင်သူ များတို့၏ အခက်အခဲများ၊ ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း၏ လုပ်ငန်းဆောင်ရွက်မှုများ၊ လက်ဖက် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး လိုအပ်သည့်နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်နိုင်ရန် စသည့် အကြောင်းများကို ဆွေးနွေးရှင်းလင်းသည်။ ထို့နောက် Barefoot Doctors Myanmar နာနတ်ပွင့် စီမံကိန်း ပရောဂျက်မန်နေဂျာ ဦးစောဟိန်းထက်ဝင်းက နာနတ်ပွင့်စိုက်ပျိုးခြင်းမှ ရရှိမည့် ကောင်းကျိုးများ၊ နာနတ်ပွင့်စိုက်ပျိုးခြင်း အခြေခံလိုအပ်သည့် နည်းပညာများတို့ကို ရှင်းလင်းပြော ကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုင်းတိုးတိုးက စိုက်ပျိုးရေးဌာနမှ ပူးပေါင်းပါဝင် ကူညီ နိုင်မည့် နည်းလမ်းများကို ရှင်းလင်းသည်။

ဆွေးနွေးပွဲဒုတိယနေ့တွင် ဒေသခံလက်ဖက်တောင်သူများနှင့် လက်တွေ့ကွင်းဆင်း၍ စိုက်ပျိုးရေးအတွက် ဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်နည်း၊ နာနတ်ပွင့်စိုက်ပျိုးရာတွင် ဖျက်ပိုး ကာကွယ်သည့် သဘာဝဖျန်းဆေးပြုလုပ်နည်းများကို  ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ် ရောင်းချ သူများအသင်းမှ ပန်လောကျေးရွာရှိ နာနတ်ပွင့်စံပြစိုက်ကွင်းသို့ ကွင်းဆင်းကြည့်ရှုကာ လက်တွေ့နည်းပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ နည်းပညာ ပေးဆွေးနွေးပွဲ Barefoot Doctors Myanmar နာနတ်ပွင့်စီမံကိန်း ပရော့ဂျက်မန်နေဂျာ ဦးစောဟိန်းထက်ဝင်း၊ စိုက်ပျိုးရေးအကြံပေး နည်းပြဦးမျိုးမင်းထွန်း၊ ကွင်းဆင်း အရာရှိ ဦးဇာနည်ထွန်းနှင့် နည်းပြဆရာ ဦးဆမ်မြူရယ်တို့လည်း ပါဝင်အကြံပြု နည်းပညာပေး ဆွေးနွေးပို့ချသွားပြီး ကျေးရွာအသီးသီးလက်ဖက်တောင်သူများ၊ ပလောင်လက်ဖက် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းဝင်များတို့က လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)