နေပြည်တော် ဖေဖော်ဝါရီ ၁၄
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အမှုဆောင်များအား ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး၏ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေကို လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက် နိုင်ရေးဆိုင်ရာ ကိစ္စ၊ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းများတွင် 2019 Novel Corona Virus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ တားဆီးကာကွယ်ရေးနှင့် အဆိုပါရောဂါ ဖြစ်ပွားမှု၏ ဂယက်ကြောင့် ခရီးသွားလုပ်ငန်း နယ်ပယ်ကဏ္ဍအတွင်း စီးပွားရေး၊ လူမှုရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှု၊ အခက်အခဲတွေ့ရှိမှုများကို လိုအပ်သလို သုတေသနပြု ဖော်ထုတ် ညှိနှိုင်းစီမံ ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)