Skip to main content

လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်း အစည်းအဝေး (၁၈/၂၀၂၀) ကျင်းပ

နေပြည်တော်     ဖေဖော်ဝါရီ ၁၄

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၁၈/၂၀၂၀) ကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မိမိတို့နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် နယ်နိမိတ်ချင်း မိုင်ပေါင်း များစွာ ထိစပ်နေသည်ဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတွင် Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားပျံ့နှံ့မှု အခြေအနေများသည် လက်ရှိတွင် တည်ငြိမ်မှု မရှိသေးပါကြောင်း၊ မိမိတို့အနေဖြင့် ရောဂါဖြစ်ပွားမှုဖြစ်စဉ်အပေါ် အလွယ်တကူ ကောက်ချက်ချ၍ မရနိုင်ဘဲ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်ရပ်ကို သတိကြီးစွာဖြင့် ကြိုတင်တွက်ဆ ပြင်ဆင် ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း။

အဆိုပါ နယ်စပ်ဒေသများတွင် Coronavirus Disease 2019 (COVID-19) ရောဂါကျန်းမာရေး အသိပညာ အချက်အလက်များအား မြန်မာဘာသာဖြင့်သာမက တရုတ် ဘာသာဖြင့်ပါ ကျယ်ကျယ် ပြန့်ပြန့် ဆက်လက် ဖြန့်ဝေသွားရမည် ဖြစ်ပါကြောင်း၊ ပြည်သူများ၏ ကျန်းမာရေးလုံခြုံမှုအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ကျန်းမာရေးဦးစီး ဌာနမှူးများ၏ဦးဆောင်မှုသည် ယခုအချိန်တွင်အလွန်အရေးကြီးပြီး ကျန်းမာရေးဝန်ထမ်းများအားလုံးမှလည်း အားတက်သရော ပါဝင်ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူများအနေဖြင့် အဆိုပါ နယ်စပ်ဝင်၊ ထွက်ပေါက် များသို့ ကွင်းဆင်းသွားရောက်၍ လိုအပ်သည်များ ဖြည့်ဆည်းပေးခြင်း၊ နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး၍ ပူးပေါင်းဆောင်ရွက် စေလိုပါကြောင်း၊ ထိုသို့ဆွေးနွေးချက်များအား ညွှန်ကြားရေးမှူးချုပ်ထံသို့ တင်ပြ၍ ထပ်မံ လိုအပ် သည်များကို အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နှင့် နယ်စပ်ရှိ ဆေးရုံကြီး (၅) ရုံတွင် ထပ်မံလိုအပ်မည့် ဆေးပစ္စည်းကိရိယာများကို ကြိုတင်တွက်ဆ ဖြည့်ဆည်းပေးလျက် ရှိပါကြောင်း။

ရန်ကုန်နှင့် မန္တလေးမြို့များရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဝင်ရောက်လာကြသူများ နေထိုင်မှုအများဆုံးဖြစ်သည့် ရပ်ကွက်များတွင် လက်ကမ်းစာစောင်များ၊ ပိုစတာများ ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပေး နှိုးဆော်မှုများကို ဆောင်ရွက်ခြင်းကို ဆက်လက် အားဖြည့် ဆောင်ရွက်စေလိုပါကြောင်း၊ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသိပေးဟောပြောမှုများအား ပိုမိုအရေးပေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ လေဆိပ်များရှိ ခရီးသည်များအား တည်းခိုသော လိပ်စာ ရယူရာတွင် မြို့နယ်အလိုက် မြေပုံဖြင့် စာရင်းပြုစုထားရှိရမည် ဖြစ်ပါကြောင်း။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်၍ ဟိုတယ်များ၌ တည်းခိုသည့် ဖျားနာလူနာများအား သတင်းရယူဆောင်ရွက်နိုင်ရေးကို ဆက်လက် အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လက်ရှိတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၄) နိုင်ငံအနက် (၂၅) နိုင်ငံတွင် ရောဂါဖြစ်ပွားမှုရှိနေပါကြောင်း၊ သုတေသနတွေ့ရှိချက်တစ်ခုတွင် ကိုရိုနာဗိုင်းရပ်(စ်) ပိုးများသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ လင်းနို့များမှ တစ်ဆင့် ကူးစက်ပျံ့နှံ့ခဲ့သည်ဟု ဖော်ပြထားပါကြောင်း။

အလားတူ တိရိစ္ဆာန်များမှတစ်ဆင့် လူတို့ထံသို့ ရောဂါပိုးများကူးစက်ပျံ့နှံ့ခဲ့ပြီး အထူးသဖြင့် သားသတ်ရုံများမှ အစပြု၍ ရောဂါပိုးများကူးစက်ပျံ့နှံ့ခဲ့သည့်  ဖြစ်စဉ်များလည်း ရှိပါကြောင်း၊ ထို့အတွက် မိမိနိုင်ငံရှိ သားသတ်ရုံများကို အထူးကြပ်မတ် စစ်ဆေးမှုများအား လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ပြည်သူများအနေဖြင့် သားရိုင်းတိရိစ္ဆာန်များအား ကိုင်တွယ်ခြင်းနှင့် သာမာန်စားသုံးနေကျ မဟုတ်သည့် ထူးခြားသော အသားဟင်းလျာ (ဥပမာ - လင်းနို့) များ စားသုံးခြင်းကို သတိပြု ရှောင်ရှား ကြစေလိုပါကြောင်း၊ နေအိမ်၌သာ နေထိုင်စေ၍ အသွားအလာ တားမြစ်ပိတ်ပင်ခြင်း/ ကန့်သတ်ခြင်း (Home Quarantine) ဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုမှု ခံရသူများ လိုက်နာရန် အချက်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရေး ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် လွယ်ကူစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ပြီး ရောဂါကူးစက်မှု ကာကွယ်ရာတွင် အလွန်ထိရောက်သည့် စနစ်တကျ လက်ဆေးခြင်း အလေ့အထကို ကျင့်သုံးစေလိုပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်များကို စီးပွားရေးနှင့် လူမှုရေး တည်ငြိမ်မှု ရှုထောင့်ကို အလေးပေး ချိန်ထိုးစဉ်းစားကာ ဆုံးဖြတ်ချက် ချမှတ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများမှ အားနည်းချက်နှင့် လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်၍ ဆက်လက် ဆောင်ရွက်မည့် မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် သုတေသန အစည်းအဝေးကြီး တစ်ရပ်ကို (၂) ရက်တာကာလကြာ ကျင်းပလျက်ရှိပါကြောင်း။

 ဝန်ကြီးဌာနအနေဖြင့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကွန်ရက်ချိတ်ဆက်၍ သတင်း အချက်အလက်များ အပြန်အလှန် ဝေမျှခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် မိမိတို့ဝန်ကြီးဌာန၊ နှီးနွှယ် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ လက်တွဲကြိုး ပမ်းဆောင်ရွက်လျက်ရှိသည့် ရောဂါကာ ကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို အမြဲမပြတ် စောင့်ကြည့်ဆန်းစစ်ခြင်းနှင့် အသုံးချသုတေသန ပုံစံဖြင့် ဆန်းစစ်ခြင်းများကို ဆောင်ရွက်သွားကာ လိုအပ်ချက်နှင့် အားနည်းချက်များကို ချက်ချင်း အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

အသုံးချသုတေသနများဖြင့် ဆေးရုံများတွင် သံသယလူနာများနှင့် လူနာများအတွက် အဆင်သင့် ပြင်ဆင်ထားရှိအခြေအနေနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နေသူများအကြား စနစ်တကျ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှု အခြေ အနေများကို ဆန်းစစ် သုံးသပ်စေလိုပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှလည်း ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် သုတေသနသည် အဓိက အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သည်ဟု အလေးပေးပြောကြားခဲ့ပါကြောင်း၊ ဝန်ကြီးဌာနမှ ထုတ်ဝေထားသော ရောဂါကာကွယ်နှိမ်နင်းရေး၊ ကုသရေး၊ ဓာတ်ခွဲစမ်းသပ်ရေး လုပ်ငန်း လမ်းညွှန်များနှင့် စံလုပ်ထုံး လုပ်နည်းများကို လက်ရှိပြောင်းလဲလာသော ကူးစက်ရောဂါဖြစ်ပွားမှု ဖြစ်စဉ်များနှင့်အညီ လိုအပ်သလို မွမ်းမံပြင်ဆင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ အခြေခံကျန်းမာရေး ဝန်ထမ်း ပညာရှင်များ အနေဖြင့် ပြည်သူများ အကျိုးအတွက်  မိမိတို့၏ ကိုယ်ပိုင်အရေး ကိစ္စသဖွယ် ဆက်လက် ဆောင်ရွက်သွားစေ လိုပါကြောင်း။

ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကဏ္ဍပေါင်းစုံ ပူးပေါင်း ပါဝင်မှုဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဖြစ်ပေါ်လာ နိုင်သည့် ရောဂါဖြစ်ပွားပျံ့နှံ့မှု အခြေအနေများကို အထူးသတိပြုစောင့်ကြည့်ကာ လိုအပ်သလို အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါ ဗေဒရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသော (စောင့်ကြည့်လူနာ (၁၈)   ဦးတို့၏ ကျန်းမာရေး အခြေအနေကောင်းမွန်မှု အပါအဝင်) ရောဂါစောင့်ကြပ်ကြည့်ရှုရေး ဆောင်ရွက်နေမှုနှင့် သတင်းပေးပို့နေမှု အခြေအနေများ၊ ပုံမှန်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ထူးခြားဖြစ်စဉ် များအား တင်ပြခြင်း၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ Coronavirus disease 2019 (COVID-19) နှင့် ပတ်သက်၍ စစ်ဆေးမှုနှင့် ယနေ့အထိ အဖြေရရှိမှု အခြေအနေများ၊ လက်ရှိအချိန်ထိ Coronavirus Disease 2019 (COVID-19) ရောဂါနှင့် ပတ်သတ်သည့် ကျန်းမာရေးအသိပညာပေးခြင်းတွင် ပိုစတာ၊ လက်ကမ်း စာစောင် (၁၈) မျိုး၊ စံလုပ်ထုံးလုပ်နည်းများ (၁၁) မျိုး နှင့် ပညာပေး Video (၂) မျိုးအားထုတ်ဝေခဲ့မှု။ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များရှိသည့် Fever Surveillance Points များနှင့် ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် ရှိသော ကျေးလက်ကျန်းမာရေး ဌာနများသို့ Tablet များဖြန့်ဝေကာ အရေးကြီးသတင်းများအား အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်စီစဉ်ထားရှိမှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေး မှူးချုပ် ဦးဆောင်၍ တိုင်းဒေသကြီး /ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနများနှင့် ပြုလုပ်ကျင်းပခဲ့သည့် Tele conference တွင် ဆွေးနွေးခဲ့မှု အခြေအနေများ၊ Clinical Managemant Committee ဖွဲ့စည်းဆောင်ရွက်ခဲ့မှုနှင့် Surveillance and Quarantine လုပ်ငန်းများအား ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သော အခြေအနေများ၊ မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃) ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၈)ခုမှ မြို့နယ် (၂၀) မြို့နယ်ရှိ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက် (၂၇) ခုတွင် အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုသည့် အခြေအနေနှင့် သံသယလူနာ/ စောင့်ကြည့် လူနာ မတွေ့ရှိရခြင်း၊ နိုင်ငံတကာ အလှူရှင်များ ထံမှ PPE, Hand Gel, Isolation Gown, Surgical နှင့် N95 Mask စသည့်ပစ္စည်းများ ရရှိရန် ဆောင်ရွက်ထားရှိမှု အခြေအနေအား တင်ပြခြင်း၊   အင်တာနက်၊ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူများ ထိတ်လန့်စေရန်သော် လည်းကောင်း၊ အကျိုးအမြတ် တစ်မျိုးမျိုးရရှိရန်သော် လည်းကောင်း ရည်ရွယ်ချက်ရှိရှိဖြင့် သတင်း အမှား ထုတ်ပြန်သူများတွေ့ရှိရမှု အခြေအနေနှင့် တည်ဆဲဥပဒေများဖြင့် အရေးယူနိုင်မှုများအား ဆွေးနွေးခြင်း စသည်တို့ အပါအဝင် နောက်ဆုံး သတင်းအချက် အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်သည်။

(သတင်းစဉ်)