Skip to main content

နော်ဝေ၊ ဖင်လန်၊ ဒိန်းမတ်နှင့် ဆွီဒင် နိုင်ငံတို့မှ သံရုံးအကြီးအကဲများ ဦးစီးပြီး Nordic Day အထိမ်းအမှတ် ဧည့်ခံပွဲ ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၄

မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ၊ ဖင်လန်၊ ဒိန်းမတ်နှင့် ဆွီဒင် နော့ဒစ်လေးနိုင်ငံတို့၏ သံရုံးအကြီးအကဲများက ဦးစီးကျင်းပသည့် Nordic Day အထိမ်းအမှတ် ဧည့်ခံပွဲ           အခမ်းအနားကို ယနေ့ ည ၆ နာရီတွင် ရန်ကုန်မြို့ ၊ လှိုင်မြို့နယ် ၊ ပြည်လမ်းအမှတ်(၃) ရှိ Nordic House ၌ ကျင်းပသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး Ms. Tone Tinnes တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့သည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ၊ ဖင်လန်၊ ဒိန်းမတ်နှင့် ဆွီဒင် နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး သံအမတ်ကြီးများက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

နော်ဝေ၊ ဖင်လန်၊ ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့၏ နော့ဒစ်လေးနိုင်ငံဆိုင်ရာ သံရုံးများကို ရန်ကုန်မြို့တွင် ၂ဝ၁၂ ခုနှစ်က စုပေါင်းရုံးအဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

(သတင်းစဉ်)