နေပြည်တော် ဖေဖော်ဝါရီ ၁၄
နေပြည်တော်တွင် ပထမဦးဆုံးအကြိမ် ကျင်းပသည့် နေပြည်တော်ရေပန်းဥယျာဉ် ပန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ည ၆ နာရီတွင် နေပြည်တော်ရေပန်း ဥယျာဉ်အတွင်း ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ နေပြည်တော် ကောင်စီဝင်များ ဖြစ်ကြသည့် ဦးအေးမောင်စိန်နှင့် ဦးညီထွန်း၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆန်းမြတ်ထွန်း ကုမ္ပဏီ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် စည်ပင် သာယာရေးကော်မတီဝင် ဦးမင်းသူနှင့် ရေပန်းဥယျာဉ်ကို နှစ်ရှည်ငှားရမ်းလုပ်ကိုင် ဆောင်ရွက်ခွင့် တင်ဒါအောင်မြင်ထားသည့် ဆန်းမြတ်ထွန်း ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာ နေလင်းထွန်းတို့က ပန်းပွဲတော်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဇနီး၊ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြသည့် တာဝန်ရှိသူများသည် ရေပန်းဥယျာဉ်အတွင်း ပန်းများဆင်ယင် ပြသထားရှိမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
နေပြည်တော်တွင် ပထမဦးဆုံးအကြိမ် ကျင်းပသည့် ပန်းပွဲတော်ကို ဖေဖော်ဝါရီ ၁၄ ရက်မှ မတ် ၃၁ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပန်းမျိုးစိတ်ပေါင်း သုံးဆယ်ခန့်နှင့် ပန်းပင်ပေါင်း နှစ်သိန်းကျော်ကို ခင်းကျင်း ပြသထားရှိကြောင်း သိရသည်။
ထို့ပြင် ပန်းပွဲတော်အတွင်း နိုင်ငံကျော် အဆိုတော်များက မတ်လ ၃၁ ရက်အထိ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တို့တွင် အခမဲ့ သီဆိုဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။
ဟိန်းမင်းစိုး