နေပြည်တော် ဖေဖော်ဝါရီ ၁၄
ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့ ညနေ ၄ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက် နေ့၌ ARSA လက်နက်ကိုင် အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်း၊ ရဲစခန်းနှင့် တပ်မတော်တပ်ရင်းတို့အား တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် လုံခြုံရေးတပ်ဖွဲ့များနှင့် ARSA အကြမ်းဖက်အဖွဲ့တို့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်(Independent Commission of Enquiry – ICOE)၏ အပြီးသတ် အစီရင်ခံစာအရ အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်တွင် အဓိကအားဖြင့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း နေရာ ၁၃ ခု ၌ ရာဇဝတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့ဝင်များနှင့် ၎င်းတို့၏အလိုတူ ပူးပေါင်းပါဝင်ခဲ့သူများ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် အရပ်သားများက ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြကြောင်း၊ အဆိုပါရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတရုံးသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၉/၂၀၂၀ ဖြင့် ‘ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့’ ကို ပြည်ထောင်စု ရှေ့နေချုပ် ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါအဖွဲ့သည် ရခိုင် ပြည်နယ်ဖြစ်စဉ်အတွင်း ရာဇဝတ်မှု ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူရေးအတွက် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယင်းအတွက် ဆက်လက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ICOE ၏ အပြီးသတ် အစီရင်ခံစာပါ အကြံပြုချက်များအရ လုံခြုံရေးတပ်ဖွဲ့များနှင့် ARSA အကြမ်းဖက်အဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း ရာဇဝတ်မှု ကျူးလွန်သူများကို စုံစမ်းစစ်ဆေး တရားစွဲဆိုဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးကြသည်။
အစည်းအဝေးသို့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အဖွဲ့ဝင်များနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)