မြစ်ကြီးနား ဖေဖော်ဝါရီ ၁၅
ကချင်ပြည်နယ်အတွင်းမှ ၂၀၁၈-၂၀၁၉ ခုနှစ်နှင့် ၂၀၁၉-၂၀၂၀ ပြည့်နှစ်များတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၀) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဖိလစ်ပိုင်)နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲ များတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေ၊ ငွေ၊ ကြေး တံဆိပ်ဆုများရရှိခဲ့ကြသည့် ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ယမန်နေ့ မွန်းလွဲ (၃) နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။
ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်၏အားကစား အဆင့် တိုးတက် အောင်မြင်လာရေးကို ဆက်လက်ထိန်းသိမ်းရမည်မှာ သားတို့ သမီးတို့ ကိုယ်တိုင်ဖြစ်ပြီး ပံပိုးပေးရမည့်ကိစ္စသည် သက်ဆိုင်ရာ အားကစားဌာနနှင့် မိမိတို့ပြည်နယ် အစိုးရအဖွဲ့မှဖြစ်ကြောင်း၊ ယနေ့ အောင်ပွဲရကစားသမားများအနေဖြင့် ကိုယ်ကျွမ်းကျင်သည့်အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရေး၊ ဒါ့အပြင် ကစားဖော်များအားလုံးကိုလည်း ကြိုးစားလာအောင် စည်းရုံး ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဖိလစ်ပိုင်)တွင် ကချင်ပြည်နယ်မှနိုင်ငံ လက်ရွေးစင်အဖြစ်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ငွေတံဆိပ်နှစ်ခုရ မြားပစ် အားကစားမယ် မပြည့်စုံထွန်း၊ နပန်းအားကစားဖြင့် ကြေးတစ်ခုရ မောင်ဝဏ္ဍထွန်း၊ ဂျူဒိုအားကစားဖြင့် ကြေးတစ်ခုရ မောင်ဇေယျာ ထွန်းနှင့် ဘောလုံးအားကစားဖြင့် ကြေးတံဆိပ်ဆုရ မချစ်ချစ်တို့အားလည်း ကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အားကစားနည်း(၂၇)မျိုး တွင် ရွှေ (၁၅)ခု၊ ငွေ (၁၅)ခု နှင့်ကြေး (၁၄)ခုရရှိခဲ့ကြသော ပြည်နယ်ဂုဏ်ဆောင်အားကစားသမားကို လည်းကောင်းဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ် ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က ပြည်နယ်အားကစားကော်မတီအဖွဲ့ဝင်များနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်ခဲ့သည်။
ကချင်ပြည်နယ်၏ အားကစားကဏ္ဍအနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ရွှေ (၂၄)ခု၊ ငွေ (၂၂)ခု၊ ကြေး (၃၅)ခု ၊၂၀၁၇-၂၀၁၈ ခုနှစ်တွင် ရွှေ (၂၁)ခု၊ ငွေ (၂၇)ခု၊ ကြေး (၄၁)ခု ၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ရွှေ (၁၄)ခု ၊ ငွေ(၂၀)ခု၊ ကြေး(၄၈)ခုတို့ဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် (၁၁)ရရှိခဲ့ကြောင်းနှင့် ယခု ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် အားကစားပြိုင်ပွဲ (၃၂)မျိုးအနက် အားကစားနည်း (၂၇)မျိုးဖြင့် ရွှေ(၁၇) ခု၊ ငွေ(၁၉)ခု၊ကြေး(၂၇)တို့ရရှိထားပြီး အဆင့် (၉)တွင် ရပ်တည်နေကာ အားကစားနည်း (၅)မျိုးယှဉ်ပြိုင်ရန် ကျန်ရှိနေသေးကြောင်း ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှသိရှိရသည်။
ပြည်နယ် ပြန်/ဆက်