နေပြည်တော် ဖေဖော်ဝါရီ ၁၅
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာဝင် ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက် လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လျန်ဟဲမြို့နေ၊ အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦး သည် (၉-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး (၁၄-၂-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ လည်ချောင်းနာခြင်းနှင့် ဝမ်းသွားခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ဝေဘာဂီအထူးကုဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ အဆိုပါလူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကုသမှုပေး လျက်ရှိပြီး ၎င်းထံမှ ဓါတ်ခွဲ နမူနာရယူ၍ ရည်ညွန်းဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ လူနာအား လတ်တလောစစ်ဆေးချက် များအရ အခြားပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရပါ။
၃။ ယနေ့ (၁၅-၂-၂၀၂၀) ရက်နေ့၊ ည (၈) နာရီအချိန်အထိ လူနာ (၉) ဦးတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် ဆက်လက် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ၄င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။ လူနာများ၏ ဓာတ်ခွဲအဖြေများ ထပ်မံရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။
Ref: Ministry of Health and Sports, Myanmar