နေပြည်တော် ဖေဖော်ဝါရီ ၁၅
နေပြည်တော် ရေပန်းဥယျာဉ်အတွင်း ပထမဆုံးအကြိမ်ကျင်းပသည့် ပန်းပွဲတော်၌ အများပြည်သူရုံးပိတ်ရက် ဖြစ်သည့် ယနေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက် လည်ပတ်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။
ပန်းပွဲတော်ကို ဖေဖော်ဝါရီ ၁၄ ရက်မှ မတ် ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပန်းအမျိုးအစားပေါင်း သုံးဆယ်ကျော်နှင့် ပန်းပြကွက်မျိုးစုံကို ပန်းပင်ပေါင်း ၂ သိန်းခွဲ ခန့်ဖြင့် နိုင်ငံတကာမှ ပန်းပညာရှင်များ၊ ဒီဇိုင်းပညာရှင်များက အလှဆင်ပြသထား သည်။
ပန်းပွဲတော်အတွင်း ဖျော်ဖြေရေးအစီအစဉ်အဖြစ် နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကိုလည်း မတ် ၃၁ ရက် အထိ အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့ရက်များတွင် ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး လာရောက်လည်ပတ်သူများအတွက် စားသောက်ဆိုင်တန်းများနှင့် အမှတ်တရလက်ဆောင် ပစ္စည်းဆိုင်များကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။
ပန်းပွဲတော်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ဆန်းမြတ်ထွန်းကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာ နေလင်းထွန်း က “ပထမဆုံးအနေနဲ့ နေပြည် တော် ရေပန်းဥယျာဉ်မှာ ပြန်ပြီးတော့ ဆန်းသစ်နေပြီဆိုတာ အသိပေးချင်ပါတယ်။ ပွဲတော်အတွင်း ဖျော်ဖြေရေးအစီအစဉ် အနေနဲ့ အပတ်စဉ်တိုင်းမှာ ပြဇာတ်၊ အငြိမ့်၊ ယဉ်ကျေးမှုပြပွဲနဲ့ ပြည်သူတွေကိုယ်တိုင် ပါဝင်ဆင်နွှဲနိုင်မယ့် အစီအစဉ်တွေလည်း ထည့်သွင်းထားပါတယ်။ ပန်းပွဲတော်ကို ပြည်သူ လူထုတွေ စိတ်ဝင်စားမှုများလာတဲ့အတွက် မတ် ၃၁ ရက်အထိ ကျင်းပဖို့ ဖြစ်သွားတာပါ” ဟုပြောသည်။
ပထမအကြိမ်အဖြစ်ကျင်းပသည့် ပန်းပွဲတော်နှင့် ဖျော်ဖြေပွဲများကို နေပြည်တော်ရှိ ဝန်ထမ်းများနှင့် ပြည်သူများ၊ အနယ်အရပ်ရပ် မှခရီးသွားပြည်သူများအပြင် ပြည်ပခရီးသွား ဧည့်သည်များပါ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
သတင်းနှင့်ဓါတ်ပုံ-ဟိန်းမင်းစိုး