ရန်ကုန် ဖေဖော်ဝါရီ ၁၅
SME Development Bank က ကြီးမှူးကျင်းပသည့် ပထမအကြိမ် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် မာရသွန် အပြေးပြိုင်ပွဲ ၂၀၂၀ ပြိုင်ပွဲကို ယနေ့ နံနက် ၅ နာရီက ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပရာ ပြိုင်ပွဲဝင် အားကစားသမား ၂၀၀၀ ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အစီအစဉ်အရ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေး ဘဏ်မှ တာ၀န်ရှိသူများက အလံ ဝှေ့ယမ်း၍ ကီလိုမီတာအလိုက် တာလွှတ်ပေးခဲ့ရာ သု၀ဏ္ဏဘောလုံးအားကစားကွင်းရှေ့မှ စတင်ပြီး ဝေဇယန္တာလမ်း၊ သံသုမာလမ်း၊ အုတ်ပုံဆိပ်လမ်းဆုံအထိ လာရာလမ်း အတိုင်း ပြေးလမ်းခရီးအများဆုံး (၂၁ ကီလိုမီတာ) နှင့် သု၀ဏ္ဏဘောလုံး အားကစားကွင်းရှေ့မှ သံသုမာလမ်း (ဂန္ဓမာလမ်းနှင့် သံသုမာလမ်းဆုံမှ လာရာလမ်းအတိုင်း) ပြေးလမ်းခရီး (၁၁ ကီလိုမီတာ)နှင့် သု၀ဏ္ဏဘောလုံး အားကစားကွင်းရှေ့ မှ ဝေဇယန္တာလမ်း နှင့် ကျော်သူလမ်းဆုံမှ လာရာလမ်း အတိုင်း ပြေးလမ်းခရီး(၅ ကီလိုမီတာ) စသည့်ပြိုင်ပွဲများ သု၀ဏ္ဏဘောလုံး အားကစားကွင်းရှေ့သို့ ပြန်လည် ပန်း၀င်ခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများအပြီး အမျိုးသား ၂၁ ကီလိုမီတာပြိုင်ပွဲတွင် ပထမဆု ငွေကျပ် သိန်း ၂၀ ၊ ဒုတိယ ငွေကျပ် ၁၅ သိန်း၊ တတိယငွေကျပ် ၁၀ သိန်းနှင့် နှစ်သိမ့်ဆုများ၊ အမျိုး သမီး ပထမဆု ငွေကျပ် သိန်း ၂၀၊ ဒုတိယဆု ငွေကျပ် ၁၅ သိန်း၊ တတိယ ဆု ငွေကျပ် ၁၀ သိန်းနှင့် နှစ်သိမ့်ဆု များ၊ အမျိုးသား ၁၁ ကီလိုမီတာ ပြိုင်ပွဲတွင် ပထမ ငွေကျပ် ၁၅ သိန်း၊ ဒုတိယ ၁၀ သိန်း၊ တတိယငွေကျပ် ငါးသိန်းနှင့် နှစ်သိမ့်ဆုများ၊ အမျိုး သမီး ပထမငွေကျပ် ၁၅ သိန်း၊ ဒုတိယ ငွေကျပ် ၁၀ သိန်း၊ တတိယ ငွေကျပ် ငါးသိန်းနှင့် နှစ်သိမ့်ဆုများ၊ အမျိုးသား ၅ ကီလိုမီတာပြိုင်ပွဲတွင် ပထမဆု ငွေကျပ် ၁၀ သိန်း ၊ ဒုတိယ ငွေကျပ် ငါးသိန်း၊ တတိယ ငွေကျပ် သုံးသိန်းနှင့် နှစ်သိမ့်ဆုများအား တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ ကြသည်။
SME Bank Mini Marathon မာရသွန်အပြေးပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ပြည်တွင်းသာမက ပြည်ပမှ ပြိုင်ပွဲ၀င်အားကစားသမား များနှင့် ပြည်သူလူထုတို့သည် အပြေး အားကစားမှတစ်ဆင့် ပိုမိုချစ်ကြည် ရင်းနှီးလာစေရန်နှင့် တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်းနှီးစွာ ပါ၀င်ဆင်နွှဲ နိုင်ခြင်း ၊ မိသားစုများအနေဖြင့်လည်း အမှတ်တရနေ့တစ်နေ့အဖြစ် ဖန်တီး နိုင်အောင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-အာကာစိုး