Skip to main content

အကြမ်းဖက်မှုဆန့်ကျင်သည့် သန်းတစ်ထောင်လှုပ်ရှားမှုအခမ်းအနား ရန်ကုန်မြို့၌ကျင်းပ

ရန်ကုန်   ဖေဖော်ဝါရီ  ၁၅

အမျိုးသမီးများအား အကြမ်းဖက်မှုများကို ဆန့်ကျင်ကြောင်းပြသရန် ရည်ရွယ်ချက်ဖြင့် Gender Studies Center (Myanmar Institute of Theology) ကြီးမှူးကျင်းပသည့် တတိယအကြိမ်မြောက် သန်းတစ်ထောင်လှုပ်ရှားမှုအခမ်းအနားကို ယနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံ၌ ကျင်းပသည်။

လူထုလှုပ်ရှားမှုတစ်ခု

“ဒီပွဲရဲ့ ရည်ရွယ်ချက်က လူထုလှုပ်ရှားမှုတစ်ခု အနေနဲ့ လူတွေအနည်းဆုံး အကြမ်းဖက်မှုဆိုတာ ဘာလဲ သိသွားပြီးတော့ အကြမ်းဖက်မှုကို ဘယ်လို ကာကွယ်မလဲ၊ မိမိပတ်ဝန်းကျင်မှာ အမျိုးသမီးတွေ ဟာဘယ်လိုပုံစံမျိုးနဲ့ အကြမ်း ဖက်ခံ နေရသလဲဆိုတာကို ပြည်သူတွေကို ချပြချင်တဲ့သဘောပါ။ ပြည်သူ တွေက သိတာတော့ သိကြပါတယ်။ ကိုယ်ကိုယ်တိုင် မကြုံတွေ့ကြတော့ သတိလက်လွတ် ဖြစ်တာတွေ ရှိတတ်တယ်။ သတိပေးတဲ့အနေနဲ့ ပြုလုပ်တဲ့ သ ဘောပါ”ဟု Myanmar Institute of Theology မှ ကထိက ကိုသိန်းထွဋ်ပန်က ပြောသည်။

အဆိုပါလှုပ်ရှားမှုတွင် Liberal Arts Program I (MIT)မှ ဒုတိယနှစ် ကျောင်းသား ကျောင်းသူ ၂၀၀ ကျော်၏ ကပြဖျော်ဖြေမှုများ နှင့်အတူ ဘီလီလမင်းအေး၊ကောင်းကောင်း၊ စောဖိုးခွာစသည့် အဆိုတော်များက အကြမ်းဖက်မှုလျှော့ချရေး အကျိုးပြုသီချင်း များနှင့် ဖျော်ဖြေတင်ဆက်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၈ ခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှု ၁၁၂၀၊ သက်ကြီးမုဒိမ်းမှု ၈၀၂ မှု၊ လူကုန်ကူးမှု ၁၇၉ မှု ဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရမှု တွင်လည်း ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် မိန်းကလေးငယ်များဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ စစ်တမ်းများအရ အမျိုးသမီးသုံးဦးတွင် တစ်ဦးမှာ အကြမ်းဖက်မှုများ ကို ရင်ဆိုင်နေရခြင်းကြောင့် ကမ္ဘာ ပေါ်တွင် အမျိုးသမီးဦးရေသန်းသုံးထောင်ကျော်ရှိသည့်အနက် သန်းတစ်ထောင်မှာ အကြမ်းဖက်မှုများကို ရင်ဆိုင်နေရသည့် အတွက် ယင်းအကြမ်းဖက်မှုများကို ဆန့်ကျင်ပြသရန် ရည်ရွယ်ပြီး နိုင်ငံအများအပြား က ဖေဖော်ဝါရီ ၁၄ ရက်တွင် သန်းတစ် ထောင် လှုပ်ရှားမှု အစီအစဉ်ကို ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်းနှင့် ဓာတ်ပုံ-ဇာနည်မောင်၊ အေးမင်းသူ