Skip to main content

ပညာရေးဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ဆင့်ပွား ဆွေးနွေးပွဲ (အခြေခံ ပညာကဏ္ဍ)ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၆

ပညာရေးဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ဆင့်ပွား ဆွေးနွေးပွဲ(အခြေခံ ပညာ ကဏ္ဍ) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်း ဒေသကြီး (အရှေ့)၊ တောင်ငူခရိုင်၊ တောင်ငူ ပညာရေး ကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက အခမ်းအနား ကျင်းပ ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပညာရေး ဝန်ကြီးဌာန အနေဖြင့် လူ့စွမ်းအား အရင်းအမြစ်များကို ပြုစုပျိုးထောင်လျက်ရှိပြီး ပညာရေးပြုပြင်ပြောင်း လဲမှုများကို ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ မွေးဖွားလာသည့်အချိန်မှစ၍ သင်ယူမှုများကို ဘဝ တစ်လျှောက်လုံး စဉ်ဆက်မပြတ် ဆောင်ရွက် ကြရမည်ဖြစ်သဖြင့် ဘဝရပ်တည်မှု အတွက် လိုအပ်သော ကျွမ်းကျင်မှုများရှိရန် လိုအပ်ပါကြောင်း၊ ဘဝ တစ်လျှောက်လုံး သင်ယူ မှုအခွင့်အလမ်းများရှိရန်၊ အထူးပြုဘာသာရပ် နည်းနည်း ကို နက်နက်နဲနဲ သင်ယူနိုင်ရန်နှင့် ကျွမ်းကျင်မှုရှိရန် သင်တန်းများဖွင့်လှစ်ပေးပြီး များများလေ့ကျင့်ပေး ရမည်ဖြစ်ပါကြောင်း။

ပညာရေးသင်ယူမှုအခွင့်အလမ်းပိုမိုမြင့်မားရေးအတွက် ယနေ့ခေတ်တွင် Industrial Revolution-IR 4.0 နှင့် လိုက်လျောညီထွေဖြစ်သောပညာရေးသည် Education 4.0 ဖြစ်ပါကြောင်း၊ Industrial Revolution-IR 4.0 နှင့် လိုက်လျောညီထွေဖြစ်သောပညာရေး ဖြစ်အောင်ပြုပြင်ပြောင်းလဲဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ Education 4.0 တွင် သင်ယူသူတစ်ဦးချင်းသည် ဗဟိုဖြစ်ပါကြောင်း၊ သင်ယူခြင်း သည် အရေးအကြီးဆုံးဖြစ် ပါကြောင်း၊ အရည်အသွေးရှိသည့် ပညာရေးစနစ်တွင် သင်ယူပြီးရင်းသင်ယူနေရပြီး ဘဝ တစ်သက်တာ သင်ယူကြရမည်ဖြစ်ပါကြောင်း၊ သင်ယူသူ တစ်ဦးချင်းစီကို ဗဟိုပြုပြီး သင်ယူ တတ် မြောက်မှု အရည်အသွေး ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ပါ ကြောင်း။

ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရာတွင် သင်ရိုးညွှန်းတမ်းများပြုပြင်ပြောင်းလဲခြင်း၊ လိုအပ် သည်များ ဖြည့်ဆည်း ခြင်းများကိုဆောင်ရွက်ပြီး အရည်အသွေးရှိသောပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိပါကြောင်း၊ သင်ရိုးညွှန်းတမ်းများပြုပြင် ပြောင်းလဲဆောင်ရွက်ရာတွင် ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် (KG+12) သူငယ်တန်း+ တစ်ဆယ့် နှစ်တန်း ပညာရေးအတွက် ဘာသာစုံ သင်ရိုးညွှန်းတမ်း စာအုပ်များ အားလုံးပြီးစီး မည်ဖြစ် ပါကြောင်း၊‌ ယခုနှစ် နွေရာသီတွင် မူလတန်းပြဆရာ ဆရာမအားလုံး(Grade-4) စတုတ္ထတန်း သင်တန်း၊ အလယ်တန်းပြ ဆရာ ဆရာမများအားလုံး(Grade-7)သတ္တမတန်းသင်တန်းနှင့် အထက် တန်းပြ ဆရာဆရာမများအားလုံးကို (Grade-10)ဒသမတန်းသင်တန်းများပေးသွား မည်ဖြစ် ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား သည့် အရည် အသွေး ရှိသော ကျောင်းသား ကျောင်းသူများကို ပြုစုပျိုးထောင်ရာတွင် ဆရာ ဆရာမများအနေဖြင့် သင်ယူ ရာတွင် တော်ကြသည်ကို သိရှိပါကြောင်း၊ သင်ယူရာတွင် တော်သကဲ့သို့ သင်ကြားရာတွင်လည်း တော်ကြ မည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာသင်ချိန်နှင့် ကျောင်းတွင် ပျော်ရွှင် အောင် မည်သို့ ဆောင်ရွက်ရမည်ကို စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ကလေးများ ကျောင်းသွားရသည် ကို ပျော်မှသာ ပညာတတ်များဖြစ်မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ် လျက်ရှိပြီး အဓိကအနေဖြင့် ပညာရေးစနစ်ဖြစ်ပါကြောင်း၊ ပညာရေးစနစ်မှန်ကန်လျှင် အခြားနိုင်ငံများအား ရင်ပေါင် တန်းပြီး အချိန်တိုအတွင်း အမီလိုက်နိုင်မည်ဖြစ်ပါကြောင်း၊ အခြားနိုင်ငံများမှ ကျောင်းသား ကျောင်းသူများ ထက် တစ်မူထူးပြီး တော်စေချင်ပါကြောင်း၊ ကျောင်းစာသာမက စာရိတ္တပိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွင်လည်း တော်စေချင်ပါ ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့လူမှုအသိုင်းအဝိုင်း ပျော်ရွှင် ရန်၊ တိုးတက်ရန် ဖော်ဆောင်ပေးနိုင်သည့် ကလေးငယ်များကို မွေးထုတ်ပေးကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပညာရေး ကဏ္ဍဆိုင်ရာ များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ) ဒေါက်တာ တင်မောင်ဝင်းနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးရဲလင်းမြင့်တို့က စာတမ်းများနှင့် စပ်လျဉ်း၍ အနှစ်ချုပ်တင်ပြ ကြသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် တာဝန်ရှိသူများက ပြန်လည် ဖြေကြားသည်။

ယင်းနောက် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ ဆင့်ပွားဆွေးနွေးပွဲ‌ဖြစ်မြောက်ရေး ဦးဆောင်ပေးခဲ့သည့် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမင်းဦးနှင့် တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းတို့အား တောင်ငူခရိုင် ပညာရေး မိသားစုမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းက ကျေးဇူးတင် စကား ပြန်လည် ပြောကြား ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)