ရန်ကုန် ဖေဖော်ဝါရီ ၁၆
ရန်ကုန်မြစ်တွင်းပြေးဆွဲသော စက်တပ်သမ္ဗန်များ စည်းကမ်းလိုက်နာရေးနှင့် ခရီးသွားပြည်သူများ ဘေးကင်း လုံခြုံရေးအတွက် ဒလမြို့နယ်အတွင်း ရှိ ကူးတို့ဆိပ် ၁၁ ဆိပ်တို့၌ ဆောင်းရာသီကာလ မြစ်အတွင်း မြူနှင်းများ ပိတ်ချိန်တွင် ခရီးသည် များတင်ဆောင်ပြီး မထွက် ခွာရေးအတွက် မြို့နယ် စက်တပ်ရေ ယာဉ်ကြီးကြပ်မှုကော်မတီ က သတိပေးထားပြီး သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာမှုရှိစေရေး အတွက် အဆိုပါကော်မတီမှ စက်တပ်ရေယာဉ် ကြီးကြပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၆ ရက်က သမ္မတကမ်းခြေ ကူးတို့ဆိပ်မှ စတင်ပြီး စက်တပ်သမ္ဗန် ကူးတို့ဆိပ်များကို ကွင်းဆင်း စစ်ဆေး ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်မြစ်အတွင်း မြူနှင်းများ ကျဆင်း နေချိန် မြင်ကွင်းမရှင်းလင်းပါက ခရီးသည်များ တင်ဆောင်၍ ရေ ယာဉ် များအား ကမ်းမှထွက် ခွာခွင့် မပြုရေး၊ သတ်မှတ်ထားသော လူဦးရေ ထက် ပို၍ မတင်စေရေး၊ သတ် မှတ် လူဦးရေနှင့် အညီ အသက်ကယ်အင်္ကျီများ ထားရှိစေရေး၊ ခရီးသည်များ အသက်အန္တရာယ် လုံခြုံမှု ရှိစေရေး အတွက် အသက်ကယ်အင်္ကျီများ ဝတ်ဆင်ကြ စေရေးနှင့် ရေယာဉ်မောင်းနှင်သူများအနေဖြင့် အရက် သေစာ သောက်စားခြင်း မရှိစေရေး အတွက် လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကူးတို့ ဆိပ်များအားလုံးရှိ ဥက္ကဋ္ဌ များနှင့် ရေယာဉ် မောင်းနှင်းသူများကိုလည်း အဆိုပါ စည်းကမ်း သတ်မှတ်ချက်များကို ထပ်ဆင့် ရှင်းလင်း ပြော ကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်မြစ်အတွင်း စက်တပ်သမ္ဗန်များဖြင့် သွားလာနေကြသော ခရီးသွားပြည်သူများ ဘေးကင်းစေရန် ယခုလို ကြိုတင်စစ်ဆေးမှုများ ဆောင်ရွက်နေသလို အသက်အာမခံလည်း ထားရှိပေးထားကြောင်း သိရသည်။ ဒလမြို့ နယ် စက်တပ်ရေယာဉ် ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက "ဒလမြို့နယ်အတွင်းမှာရှိတဲ့ စက် တပ် သမ္ဗန်တွေ အားလုံးက နိုင်ငံတော်ကို အခွန်ဆောင်ရတယ်၊ မြန်မာ့အာမခံလုပ်ငန်းမှာ လိုင်စင်ပေး ဆောင်တဲ့ အခါ အာမခံကြေး(ပရီ မီယံ)သွင်းရတယ်၊ သူတစ်ပါးထိခိုက်မှုအာမခံ ရှိပြီးသားဖြစ်လို့ မတော် တဆဖြစ်တာ၊ ထိခိုက် ဒဏ်ရာရတာ ဖြစ်မယ်ဆိုရင် နစ်နာကြေးရမှာ ဖြစ်ပါတယ်၊ စက်တပ်သမ္ဗန်တွေ အားလုံးကို အာမခံထားပြီးပါပြီး၊ သမ္ဗန်စီးတဲ့ ခရီးသွား ပြည်သူအားလုံး အကျုံးဝင်ပါတယ်၊ အသက် အာမခံနဲ့ ပတ်သက်ပြီး စီးနင်းကြတဲ့ ခရီးသွား ပြည်သူတွေကတော့ သိရှိကြသူ နည်းပါတယ်၊ အချို့ကတော့ သိကြ တယ်" ဟု ပြောပြသည်။
ဒလမြို့နယ်ဘက်ကမ်းရှိ သမ္မတကမ်းခြေ၊ ဈေးဆိပ်၊ ဒလသင်္ဘောဆိပ်၊ ဗိုလ်ရန်ပြေ၊ ကမာ ကသွယ်၊ စက်မြေ၊ ကမာကဆစ်၊ မှော်စက်၊ ဆာပါချောင်နှင့် ကျောင်းစု ကူးတို့ဆိပ်များမှ ရန်ကုန်ဘက်ကမ်းရှိ ဗိုလ်တထောင်၊ ပန်းဆိုး တန်း၊ စဉ့်အိုးတန်း၊ မော်တင်လမ်းသစ်၊ မော်တင် (ကိုင်းတန်း အမှတ် - ၂) ကူးတို့ဆိပ်များသို့ စက်တပ် သမ္ဗန်များ ပြေးဆွဲ၍ နေ့စဉ် ခရီးသွား လုပ်သားပြည်သူ များစွာအား ကူးတို့ ပို့ဆောင် ပေးလျက်ရှိသည်။
လက်ရှိအချိန်တွင် ဒလမြို့နယ်၌ ပုဂ္ဂလိက ပိုင် ကူးတို့သမ္ဗန်ဂိတ် ခြောက်ခုရှိရာ ကမာအောင် ကြီးကြပ်ရေး ဂိတ်တွင် အစီးရေ ၁၈၀၊ ရေကန် ကြီးကြပ်ရေးဂိတ်၌ ၂၂ စီး၊ တံလျှပ် ကြီးကြပ် ရေးဂိတ်၌ ၄၆ စီး၊ ဆာပါချောင် စက်တပ်ရေ ယာဉ် ကြီးကြပ်ရေးဂိတ်၌ ၄၁ စီး၊ ကျောင်းစု (စက်မြေ) စက်တပ်ရေယာဉ်ကြီးကြပ်ရေးဂိတ်၌ ၂၂ စီး၊ ကျောင်းစု(လက်ခပ်)မှ (စက်တပ်)ကူးတို့ ဆိပ်၌ အစီး ၂၀ ရှိသည်။ သမဝါယမအသင်းပိုင် ကူးတို့သမ္ဗန်ဆိပ် ငါးဆိပ်ဖြစ်သည့် သမ္မတ ကမ်းခြေ ကူးတို့ဆိပ်၌ ၃၄ စီး၊ ကမာကသွယ် ကူးတို့ဆိပ်၌ အစီး ၃၀၊ စက်မြေ ကူးတို့ဆိပ်၌ ၃၃ စီး၊ ကမာကဆစ် ကူးတို့ဆိပ်၌ ၄၁ စီးနှင့် မှော်စက်ကူးတို့ဆိပ်၌ ၃၅ စီးရှိရာ ပုဂ္ဂလိကနှင့် သမဝါယမဂိတ်အားလုံး၌ ကူးတို့ စုစုပေါင်း ၅၀၄ စီးရှိကြောင်း သိရသည်။
ဒလမြို့နယ် စက်တပ်ရေယာဉ် ကြီးကြပ် ရေးအဖွဲ့ လက်အောက်ရှိ စက်လှေဆိပ် ၁၁ ခုလုံး၌ နိုင်ငံခြား သားများနှင့် နိုင်ငံခြားသားဟု ထင်မှတ်ရသော ခရီးသွားများအား မြစ်အတွင်း စက်သမ္ဗန်များဖြင့် သွားလာ ခြင်းကို ခွင့်မပြု ထားကြောင်း၊ အဆိုပါ ခရီးသွားများအား ဂိတ် အတွင်းမှဖြစ်စေ၊ အခြား မည်သည့်နေရာမှ ဖြစ်စေ ခေါ်ဆောင်ခြင်း(သို့မဟုတ်) တင်ဆောင် ခြင်းများကို ခွင့်မပြုကြောင်း၊ တင်ဆောင်သော ရေယာဉ် မောင်းလုပ်သားကို အဆိုပါ စက်လှေ ဆိပ်ရှိ ဥက္ကဋ္ဌနှင့် EC အဖွဲ့များက အပြစ်ပေး အရေးယူရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားကို တင်သော စက်လှေမောင်းလုပ်သားအား ၁၀ ရက် ရပ်နား၍ တင်သည့် သမ္ဗန်ကို နှစ်ရက် ရပ်နားပြီး အရေးယူဆောင်ရွက်သွားရမည်ဖြစ် ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)