Skip to main content

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်း ကျေးရွာ ၆၀ လျှပ်စစ်မီးလင်းရေးအခမ်းအနားများ ကျင်းပ တိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားရရှိမှု လက်ရှိ ၃၅ ဒသမ ၉၄ ရာခိုင်နှုန်းမှ ၅၅ ဒသမ ၂၆ ရာခိုင်နှုန်း ခန့်အထိ တိုးတက်သုံးစွဲနိုင်မည်

နေပြည်တော်  ဖေဖော်ဝါရီ  ၁၆

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းပြည့်မြောက်သည့်အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားနှင့်မြိုင်မြို့နယ်အတွင်း ကျေးရွာ ၆၀ လျှပ်စစ်မီးလင်းရေးအခမ်းအနားများကို ယနေ့ နံနက် ၉ နာရီက မကွေး တိုင်းဒေသကြီး မြိုင်မြို့၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံ လုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့်အထိမ်းအမှတ် အခမ်းအနားမုခ်ဦးကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ မကွေး တိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်နှင့် တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စား လှယ် ဦးဝင်းဌေး တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၆၀ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၏ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့်အထိမ်းအမှတ်နှင့် မြိုင်မြို့နယ် အတွင်းရှိ ကျေးရွာ ၆၀ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ခဲ့မှုများနှင့် ပတ်သက်၍ အမှာ စကားပြောကြားသည်။

ယင်းနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင် ဝင်းက ယခုကဲ့သို့ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၃၀၊ ကျေးရွာပေါင်း ၆၀၊ အိမ်ထောင်စုပေါင်း ၁၂၄၀၄ စု လျှပ်စစ်မီးအလင်းရရှိစေရန်အတွက် မကွေး တိုင်းဒေသကြီးအနေဖြင့် လက်ရှိတွင် လျှပ်စစ် ဓာတ်အား ၁၀၀ မဂ္ဂါဝပ်ခန့်သာ အသုံးပြုလျက်ရှိသည့်အတွက် ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်သည့် အပြင် ပိုလျှံသည့် လျှပ်စစ်ဓာတ်အားများသည် နိုင်ငံတော်ဓာတ်အားစနစ် အတွင်းသို့ အလိုအလျောက် စီးဆင်းသွားမည်ဖြစ်ပြီး ဓာတ်အားစနစ်အတွင်း ရှိ လျှပ်စစ် ဓာတ်အား အသုံးပြုနေသော ပြည်သူများမှလည်း အကျိုးမျှဝေခံစား နေရသဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် စက်ရုံများဖြစ်ပါကြောင်း၊ ယခင်က မကွေးတိုင်းဒေသကြီးအတွင်း ဒီဇယ် အင်ဂျင်သုံးဓာတ်အားပေးစက်များဖြင့် ဓာတ်အား ဖြန့်ဖြူး ပေးနေသည့် ကံမ မြို့၊ မင်းတုန်းမြို့၊ ကျောက်ထုမြို့၊ ဆောမြို့နှင့် ထီးလင်းမြို့များကို ၂၀၁၆ ခုနှစ်မှ စတင်၍ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင် ခဲ့ပြီဖြစ်ပါ ကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့ ၃၂ မြို့လုံးတွင် နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားများကို ရရှိသုံးစွဲနေပြီဖြစ်ပါ ကြောင်း၊ ဆက်လက်၍ ၆၆ ကေဗွီ မြိုင်ဓာတ်အားခွဲရုံနှင့် ၆၆ ကေဗွီ ရေစကြို ဓာတ်အားခွဲရုံတို့ကို ယခုဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် တည်ဆောက် သွားမည်ဖြစ်ပါကြောင်း၊ အလားတူ မကွေး တိုင်းဒေ သကြီးအတွင်း အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ဖြင့် ပထမအဆင့်တွင် ကျေးရွာပေါင်း ၆၆၄ ရွာ၊ ဒုတိယအဆင့်တွင် ကျေးရွာပေါင်း ၃၈၆ ရွာတို့ကိုလည်း လျှပ်စစ် ဓာတ်အားရရှိသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ပြည်သူလူထုမှလည်း ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေးကို ဦးစားပေးဆောင်ရွက်နေသကဲ့သို့ ပြည်သူလူထုမှလည်း ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိနေကြသည့်အတွက် တိုင်းဒေသ ကြီးအစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးသွားပါက မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ရရှိမှုသည် လက်ရှိ ၃၅ ဒသမ ၉၄ ရာခိုင်နှုန်းမှ ၅၅ ဒသမ ၂၆ ရာခိုင်နှုန်းခန့် အထိ တိုးတက်သုံးစွဲလာနိုင်မည်ဖြစ်ပါကြောင်း။

ပြည်သူများ လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကြိုးပမ်းမှုများအပေါ် ပြည်သူတစ်ရပ်လုံးမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်နှင့် ဓာတ်အားရရှိသုံးစွဲနိုင်ခြင်း မရှိသေး သည့်ဒေသများကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆက်လက် အကောင်အထည် ဖော် ဆောင်ရွက်သွားရမည်ဖြစ်၍ ဒေသခံမိဘပြည်သူများကလည်း ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန် လျှပ်စစ်ဓာတ်အားရရှိမှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင် လျက်ရှိပါကြောင်း၊ ထိုသို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တွင် တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိရေးအတွက် မိမိ တို့ဝန်ကြီးဌာနမှ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလိုဆောင်ရွက်ရသည်မှာလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှသာ ပြည်သူ များ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာပြီး လူနေမှုအဆင့်အတန်း များလည်း မြင့်တက်လာမည်ဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာနနှင့်အတူ ပြည်သူတစ်ရပ်လုံးက အတူတကွပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်က တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းပြည့်မြောက်သည့် အထိမ်းအမှတ်နှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၆၀ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ခဲ့မှုများနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဒုတိယ ဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ခန်းမအတွင်းပြသထားသည့် မကွေး တိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုအခြေအနေ ပြသထားမှုပြခန်းများအား လှည့်လည်ကြည့်ရှုသည်။

အိမ်ထောင်စု ၁၂၄၀၄ စုတို့အား မီးလင်းရေးအောင်မြင်စွာကျင်းပ

ယနေ့တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ နိုင်ငံတော်ဓာတ်အားစနစ် မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၅၀ ရာခိုင်နှုန်း ပြည့်မြောက်မှုတွင်ပါဝင်သော မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၀ မှ ကျေးရွာ ပေါင်း ၆၀၊ အိမ်ထောင်စုပေါင်း ၁၂၄၀၄ စုတို့အား နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေနှင့် ဒေသခံပြည်သူများ၏ ကိုယ့်အားကိုယ်ကိုးဆောင်ရွက်မှုများဖြင့် လျှပ်စစ်မီးလင်း ရေးဖွင့်ပွဲအခမ်းအနားများကို အောင်မြင်စွာကျင်းပသည်။

ထို့နောက် မြိုင်မြို့နယ် သမန်းကန်ကျေးရွာနှင့် တဲကြီးကျေးရွာတို့တွင် ကျင်းပသည့် ကျေးရွာ ၆၀ ကိုယ့်အားကိုယ်ကိုးမီးလင်းရေးဖွင့်ပွဲအခမ်းအနား များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေ သကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်၊ တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဌေးနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်