Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့-၂၀၂၁အထိမ်းအမှတ် အခမ်း အနားသို့ ပေးပို့သည့်အမှာစကား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့-၂၀၂၁အထိမ်းအမှတ် အခမ်း အနားသို့ ပေးပို့သည့်အမှာစကား

 

ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၁ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ၊ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။

 

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ် စက်တင်ဘာလ (၂၇)ရက်နေ့မှာ ကမ္ဘာတစ်ဝန်းရှိ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်နိုင်ငံများမှာကျင်းပကြကြောင်း သိရှိရပါတယ်။ ဒီလို ကျင်းပရတဲ့ ရည်ရွယ်ချက်က စီးပွားရေးဆိုင်ရာအကျိုးရှိမှု၊ ဒေသခံပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှု၊ သဘာဝအရင်းအမြစ်များ၊ သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းနိုင်မှု၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်နိုင်မှု၊ ပြည်သူလူထုအချင်း ချင်းရင်းနှီးကျွမ်းဝင်မှုနဲ့ အပြန်အလှန် နားလည်ရေးတည်ဆောက်နိုင်မှုစတဲ့ ခရီးသွားလုပ်ငန်းရဲ့အရေး ပါတဲ့ အကျိုး သက်ရောက်မှုတွေကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည် စေဖို့ဖြစ်တယ်လို့ သိရှိရပါတယ်။

 

ခရီးသွားလုပ်ငန်းဟာ ၎င်းနဲ့တိုက်ရိုက်ပတ်သက်တဲ့အလုပ်အကိုင်များ ဖြစ်တဲ့ ဟိုတယ်များ၊ ခရီးသွား လုပ်ငန်း အေဂျင်စီများ၊ ခရီးလှည့်လည်ရေး လုပ်ငန်းလုပ်ကိုင်တဲ့ကုမ္ပဏီများ၊ လေကြောင်းလိုင်းများနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအပြင် ဆောက်လုပ်ရေးလုပ်ငန်းများ၊ အင်ဂျင်နီယာလုပ်ငန်းများ၊ ကုန်စည်ထုတ်လုပ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ အစားအသောက်နဲ့ သစ်သီးဝလံ စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း အကျိုးအမြတ်များရရှိခံစား စေတာကို သတိပြုမိဖို့လိုအပ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ အလုံးစုံဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် အထောက်အကူပြုတဲ့နေရာမှာ ခရီးသွား လုပ်ငန်းဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်ပြီး အလုပ်အကိုင်နဲ့အခွင့်အလမ်းများကို ဖန်တီးပေးခြင်းဖြင့် စီးပွားရေးဆိုင်ရာ မညီမျှမှုများကို လျော့နည်းစေနိုင်တယ်လို့လည်း ပြောနိုင် ပါတယ်။ ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနားကို “ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွား လုပ်ငန်းဖြင့် ဖော်ဆောင်ပေး (Tourism for Inclusive Growth)ဆိုတဲ့ ဆောင်ပုဒ်နဲ့ကျင်း ပကြမှာဖြစ်ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ကမ္ဘာ့နိုင်ငံများမှာရှိတဲ့ ခရီးသွား လုပ်ငန်းနဲ့ ဆက်စပ်ကဏ္ဍအားလုံးတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာစေတယ်ဆိုတာ ပိုမို သိရှိကြစေဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။

 

လွန်ခဲ့တဲ့နှစ်အနည်းငယ်က အရှိန်အဟုန်ကောင်းစွာနဲ့ တိုးတက်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ စတင် ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမှုရပ်ဆိုင်းတာတွေ၊ နိုင်ငံတကာ လေကြောင်းလိုင်းတွေရပ်ဆိုင်းတာတွေ၊ ခရီးသွားလာခွင့်ထိန်းချုပ်တာတွေကို လုပ်ဆောင်ခဲ့ရတဲ့အတွက် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံတကာပြည်ဝင်ခရီးစဉ်များ လုံးဝရပ်ဆိုင်းသွားခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာဖြစ်ပေါ်ခဲ့တဲ့ ခရီးသွား လုပ်ငန်းဆိုင်ရာ အကျပ်အတည်းဖြစ်ပြီး အပြည့်အဝ ပြန်လည် နာလန်ထူဖို့ ကြိုးစား ကြရဦးမှာဖြစ်ပါတယ်။

 

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ စာရင်းဇယားများ အရ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ကမ္ဘာတစ်ဝန်း နိုင်ငံတကာ ခရီးသည်ရောက်ရှိမှုဟာ ၂၀၁၉ ခုနှစ် အလားတူကာလ ရောက်ရှိမှုနဲ့ နှိုင်းယှဉ်ရင် ၈၅ ရာခိုင်နှုန်းကျဆင်းသွားတာကို တွေ့ရှိရပါတယ်။ အရေအတွက်အားဖြင့် သန်း ၄၆၀ လျော့နည်းသွားခြင်းဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ခရီးသွားလုပ်ငန်း သမိုင်းမှာ အဆိုးရွားဆုံး ကျဆင်းမှုဖြစ်ပါတယ်။

 

အာရှ- ပစိဖိတ်ဒေသကိုကြည့်ရင်၂၀၂၁ ခုနှစ်၊ ပထမ (၅)လအတွင်း နိုင်ငံတကာခရီးသည်ရောက်ရှိမှုဟာ ၂၀၁၉ ခုနှစ်နဲ့နှိုင်းယှဉ်ရင်  ၉၅ ရာခိုင်နှုန်း အထိ ကျဆင်းသွားကြောင်း တွေ့ရှိရပါတယ်။ ဥရောပဒေသက ၈၅ ရာခိုင်နှုန်း၊ အရှေ့အလယ်ပိုင်းဒေသက ၈၃ ရာခိုင်နှုန်း၊ အာဖရိကဒေသက ၈၁ ရာခိုင်နှုန်းနဲ့ အမေရိကဒေသက ၇၂ ရာခိုင်နှုန်း အသီးသီး လျော့နည်းကျဆင်းသွားကြောင်း တွေ့ရှိရပါတယ်။

 

ကမ္ဘာ့ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (Sustainable Development Goals)ထဲမှ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ ကျား/မတန်းတူညီမျှမှု၊ ကောင်းမွန်တဲ့အလုပ်အကိုင်နဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုစတဲ့ ရည်မှန်းချက်တွေကို အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ဖြည့်ဆည်း ပံ့ပိုးပေးခဲ့တဲ့ ခရီးသွားလုပ်ငန်းကဏ္ဍဟာ ယခုအချိန်မှာ ဒီလိုအခြေအနေ မျိုးတွေကြောင့် မအောင်မြင် မှုတွေ၊ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ ဒါကြောင့်လည်း ခရီးသွားလုပ်ငန်းပြန်လည် စတင်နိုင်ဖို့နဲ့ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာဖို့ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အပါအဝင် နိုင်ငံတကာ အဖွဲ့ အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနဲ့ ကမ္ဘာ့နိုင်ငံများကလည်း အထူး ဂရုစိုက်ကြိုးစား ဆောင်ရွက်လျက်ရှိနေကြပါတယ်။မြန်မာနိုင်ငံအနေနဲ့လည်း ခရီးသွားလုပ်ငန်းများမကြာခင်မှာ ပြန်လည် စတင်နိုင်ဖို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီး ဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနဲ့ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်နေကြပါတယ်။

 

ခရီးသွားလုပ်ငန်းပြန်လည်စတင်နိုင်ဖို့ ပြည်တွင်းပြည်ပ ခရီးသွားများရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ရေးဟာ အရေးပါတဲ့အတွက် ခရီးသွားလုပ်ငန်း ကဏ္ဍအတွင်းမှာ ဝန်ဆောင်မှုပေး နေကြသူများကို ကိုဗစ်-၁၉ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်း များ ပို့ချပေးနေသလို၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ စားသောက်ဆိုင်များ၊ ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်း ညွှန်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ ပို့ဆောင်ရေးလုပ်ငန်းများကိုပါ  ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးစံနှုန်းများ၊ လမ်းညွှန်ချက်များနဲ့ ကိုက်ညီမှု ရှိ/မရှိစစ်ဆေးပြီး ဘေးအန္တရာယ်ကင်းရှင်းသော ဝန်ဆောင်မှု အဖြစ်သတ်မှတ်တဲ့ (Health and Safety Protocol) အသိအမှတ်ပြု လက်မှတ်များကို ဒေသတွင်းအဆင့်၊ အမျိုးသားအဆင့်နဲ့ နိုင်ငံတကာအဆင့် သတ်မှတ်ပေးသွားဖို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ကျန်းမာရေး ဝန်ကြီးဌာနနဲ့ အခြားဆက်စပ်ဝန်ကြီးဌာနများရဲ့ ပံ့ပိုးကူညီမှုနှင့် အကောင် အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားများရဲ့ ရွေးချယ်မှုများဟာ ပြောင်းလဲသွားပြီဖြစ်ပါတယ်။ ကျန်းမာရေးနှင့်ညီညွတ်ပြီး သီးခြားသွားရောက် ရတဲ့ ခရီးစဉ်များကို ပိုမိုရွေးချယ်လာကြမှာဖြစ်ပါတယ်။ လူနေထူထပ်များပြားတဲ့ မြို့ပြဒေသတွေ၊ နေရာတွေအစား လူနေထူထပ်မှုမရှိဘဲလွတ်လပ်စွာ သွားလာလည်ပတ်လို့ရမယ့် Nature Based Tourism၊ Ecotourism၊   Agri-tourism၊ Marine Tourism၊ Rural Tourism စတဲ့ ခရီးစဉ်တွေကို ပိုမိုစိတ်ဝင်စားလည်ပတ်လာကြပါတယ်။

 

မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုး(၁၃၅)မျိုး ရှိပြီး တိုင်းရင်းသားလူမျိုးစုတိုင်းမှာ မတူညီတဲ့ယဉ်ကျေးမှုဓလေ့စရိုက်တွေ၊ သက်ဝင်ယုံကြည်မှုတွေ၊ ရိုးရာပွဲတော်တွေနဲ့ဒေသထွက် ပစ္စည်းများ၊ အစားအသောက်များစတဲ့ အလွန်စိတ်ဝင်စားစရာတွေကို ပိုင်ဆိုင်ထားကြပါတယ်။ တိုင်းရင်း သားတွေရဲ့ ရိုးရာဓလေ့ယဉ်ကျေးမှုများကို ဖော်ထုတ်ပေးဖို့၊ ကျေးလက်ဒေသနေ ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့နဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်နေတဲ့ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) ကိုလည်း အထူးအလေးထားပြီး ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြစေလိုပါတယ်။

 

မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ လွန်စွာလှပတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံရဲ့ ရေမြေတောတောင် သဘာဝ အလှများဟာ ခရီးသွားဧည့်သည်တွေအတွက် အလွန်ဆွဲဆောင်မှုရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မြောက်ဖျားဒေသတွေမှာ နှင်းဖုံးတဲ့ တောင်တန်းတွေရှိသလို တောင်ဘက်စွန်းဒေသတွေမှာ ပင်လယ်ကမ်းခြေ အလှအပတွေ ကျွန်းစုတွေနဲ့ အလှအပပေါင်းစုံကို ခံစားရှုမြင်နိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့ တောင်ဖက်စွန်းကမြိတ်ကျွန်းစုဒေသမှာလည်း ထူးခြား လှပတဲ့ ကမ်းခြေတွေရှိတဲ့ ကျွန်းတွေ၊ ရေအောက်သယံဇာတတွေနဲ့ အလှအပတွေ၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင် ပြည်နယ်တို့မှာရှိတဲ့ ကမ်းခြေဒေသတွေဟာလည်း ပြည်တွင်း/ ပြည်ပ ခရီးသွားတွေအတွက် ရွေးချယ်စရာနေရာတွေဖြစ်ပါတယ်။ ဒီလိုသဘာဝ ခရီးစဉ်တွေအပြင် အပျော်စီးမီး ရထား ခရီးစဉ်တွေ၊ မြစ်အတွင်းသင်္ဘောခရီးစဉ်တွေ၊ တောတွင်းခရီးကြမ်းလမ်း လျောက်တာတွေ၊ တောင်တက်ခရီးစဉ်တွေစတဲ့ ပြည်တွင်းပြည်ပခရီးသွားတွေအတွက် ခရီးစဉ်အသစ်တွေ၊ ခရီးသွားမှု ပုံစံအသစ်တွေကို တီထွင်ကြံဆဖန်တီးဆောင်ရွက်သွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

 

ခရီးသွားလုပ်ငန်း ပြန်လည်စတင်ဖို့ အဖက်ဖက်ကကြိုးစားဆောင်ရွက် နေသလို တစ်ဖက်ကလည်း ခရီးသွားလုပ်ငန်းကရရှိလာမယ့် အကျိုး အမြတ်တွေကို ခရီးသွားလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ နယ်ပယ် အသီးသီးက ပြည်သူများကလည်း အချိုးညီမျှစွာရရှိစေရေးဟာလည်း အလွန် အရေးပါ ပါတယ်။

 

ခရီးသွားလုပ်ငန်းဟာ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံမတူညီတဲ့ လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းကို ဖန်တီးပေးနိုင်တာကြောင့် လူမှုရေးအရ ပိုမိုပေါင်းစည်းမှုကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ဆောင်ရွက်ရာမှာ ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို သတိပြု ဆောင်ရွက်ဖို့လည်းလိုအပ်ပါတယ်။ ပြည်တွင်း၊ ပြည်ပခရီးသွားကဏ္ဍ ပြန်လည်ရှင်သန်ဦးမော့လာစေရေးအတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျရေးဟာ အလွန်အရေးကြီးပါတယ်။ လူ ၁ ဦးချင်းစီရဲ့ အသိစိတ်ဓာတ်ရှိရှိ ပူးပေါင်းဆောင်ရွက်မှု၊ တာဝန်ရှိအဖွဲ့အစည်း အသိုက်အဝန်းအားလုံးက ကြပ်မတ်၊ ကူညီ၊ ပံ့ပိုးဆောင်ရွက်ပေးမှုများဟာ ခရီးသွားကဏ္ဍအမြန်ရှင်သန်ရေး အတွက် အထောက်အကူပြုစေမှာပါ။ အားလုံးနဲ့သက်ဆိုင်တဲ့လုပ်ငန်း၊ အားလုံးအတွက် အကျိုးပြုတဲ့လုပ်ငန်းဖြစ်လို့ အလေးထားစေလိုပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါတား ဆီးကာကွယ်ရေး လမ်းညွှန်ချက်များနဲ့အညီ ဌာနဆိုင်ရာများဖက်ကရော၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ ဖက်ကပါ ဘက်စုံ ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဒီအချက်ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့များနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ ကလည်း အလေးထားဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ ခရီးသွားလုပ်ငန်း ဟာကဏ္ဍများစွာနဲ့ ပတ်သက် ဆက်နွှယ်မှုရှိတဲ့အတွက် ပါဝင်လုပ်ကိုင်သူ အားလုံးအတွက် အကျိုးအမြတ် ရှိစေမှာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းကြောင့် နိုင်ငံရဲ့စီးပွားရေးကို အထောက်အကူပြုသည်သာမက ကမ္ဘာ့နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှုအမွေအနှစ်၊ သဘာဝ အမွေအနှစ်များကိုလည်း ထိန်းသိမ်းရာရောက်တဲ့အတွက် နိုင်ငံတော်ရဲ့ ဦးစားပေး ကဏ္ဍများ အနက်မှာ အရေးပါတဲ့ ကဏ္ဍအနေနဲ့လည်း ပါဝင်ပါတယ်။နိဂုံးချုပ်အနေနဲ့ ယခုနှစ်ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ ဆောင်ပုဒ်ဖြစ်သော “ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖြင့် ဖော်ဆောင်ပေး  (Tourism for Inclusive Growth)နဲ့လျော်ညီစွာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ပြီး ခရီးသွားလုပ်ငန်းမှရရှိတဲ့ အခွင့်အလမ်းများနဲ့ အခြားလူမှုစီးပွား ကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်နဲ့ ဒေသခံပြည်သူများအချိုးညီမျှစွာ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခံစားနိုင်ကြစေရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်းအပ် ပါတယ်။