နေပြည်တော် ဖေဖော်ဝါရီ ၂၁
ဒုတိယအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ တာဝေးစက်ဘီး အားကစားကွင်း၌ ကျင်းပသည်။
ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယ မြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် မဲနှိုက်ရွေးချယ်ထားသော သတ်မှတ်နေရာများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့မှ ကိုယ်စားပြုအသင်းများ ပါဝင်ယှဉ်ပြိုင်ကြသည်။
ရှေးဦးစွာ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲဝင်ရန် ပြင်ဆင်ထားရှိသည့် ပြိုင်ပွဲဝင် အသင်းများ၏ ဝတ်စား ဆင်ယင်မှု၊ တစ်ကိုယ်ရည် သန့်ရှင်းမှု၊ ကျန်းမာကြောင်း ဆေးလက်မှတ်နှင့် ဝန်ထမ်းစိစစ်ရေးကတ်၊ ထမနဲထိုးရာတွင် အသုံးပြုမည့်ပစ္စည်းများ ခင်းကျင်းထားရှိမှုကို လှုပ်ရှားမှုနှင့် အချိန်အမှတ်ပေး ဆပ်ကော်မတီက လိုက်လံစစ်ဆေးအမှတ်ပေးကြသည်။
ထို့နောက် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို အရည်အသွေး အမှတ်ပေး ဆပ်ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ခရာမှုတ်အချက်ပေးကာ ပြိုင်ပွဲကို စတင် ဖွင့်လှစ်ပေးသည်။
ထို့နောက် ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင် အသင်းအသီးသီးသည် သတ်မှတ်ထားသည့် အချိန်တစ်နာရီ အတွင်း အားကြိုးမာန်တက် ထမနဲထိုး ယှဉ်ပြိုင်ကြရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ)ဦးထွန်းထွန်းဟိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးကြပြီး ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများကလည်း ဌာနအလိုက် အိုးစည်ဒိုးပတ် ဝိုင်းများဖြင့် ပျော်ရွှင်စွာ အားပေးကြသည်။
ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဝန်ကြီးဌာန အချင်းချင်း ခင်မင်မှု တိုးပွားစေရန်၊ စုစု စည်းစည်း လုပ်ဆောင်တတ်စေရန်၊ ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် ကာလဒေသနှင့် ကိုက်ညီစွာဖြင့် စုပေါင်းအင်အားကို ပြသနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင်အသင်းများက ပေးပို့လာသည့် ထမနဲများကို လှုပ်ရှားမှုနှင့် အချိန်အမှတ်ပေး ဆပ်ကော်မတီက မှတ်တမ်းတင်ကာ ပြိုင်ပွဲဝင် Code နံပါတ်များ သတ်မှတ်၍ အရည်အသွေး အမှတ်ပေး ဆပ်ကော်မတီထံ ပေးပို့သည်။
ထို့နောက် လှုပ်ရှားမှုနှင့် အချိန်အမှတ်ပေး ဆပ်ကော်မတီနှင့် အရည်အသွေး အမှတ်ပေး ဆပ်ကော်မတီ တို့မှ တာဝန်ရှိသူများက အမှတ်ပေးခြင်းနှင့် အမှတ်ရေတွက် ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက် ပြိုင်ပွဲဝင်ဝန်ကြီးဌာန (၂၂) သင်းအနက်မှ နှစ်သိမ့်ဆုရရှိသည့် ဝန်ကြီးဌာန (၁၉) ခုမှ အသင်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာ ဝင်းမြတ်အေး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ဒေါက်တာရဲမြင့်ဆွေ၊ ဒေါက်တာ မြလေးစိန်၊ ဦးဗရတ်ဆင်းနှင့် ဦးစိုးအောင်တို့က ဆုငွေကျပ် သုံးသိန်းစီ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်ဇနီး ဒေါ်ခိုင်နွယ်ဦးတို့က မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့နှင့် တေးသံရှင်များအား ဆုငွေကျပ် ငါးသိန်းကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က တတိယဆုရရှိသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသင်းအား ဆုငွေကျပ်ခုနှစ်သိန်းနှင့် ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန် က ဒုတိယဆုရရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းအား ဆုငွေကျပ် ဆယ်သိန်းနှင့် ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ပထမဆုရရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းအား ဆုငွေကျပ် တစ်ဆယ့်ငါးသိန်းနှင့် တံခွန်စိုက် ဆုဖလားကို ပေးအပ် ချီးမြှင့်သည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများသည် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသည့် ဝန်ကြီးဌာန အသင်းများနှင့် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ဒုတိယအကြိမ်ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် မြန်မာ့အသံ ခေတ်ပေါ် တေးဂီတအဖွဲ့၊ နိုင်ငံကျော်တေးသံရှင်များနှင့် ငြိမ်းချမ်းရေးဂီတပွဲတော်မှ ဆုရအဆိုရှင်များက သီဆိုဖျော်ဖြေကြသည်။
ထမနဲပွဲသည် မြန်မာတို့၏ စည်းလုံးညီညွှတ်မှုကို ပြသသည့် ရာသီပွဲတော် တစ်ခုဖြစ်ပြီး ဆောင်းရာသီ၏ နောက်ဆုံးလ ဖြစ်သည့် တပို့တွဲလတွင် ကျင်းပလေ့ရှိသည်။ မြန်မာတို့၏ စည်းလုံးညီညွတ်မှုနှင့် စေတနာ၊ သဒ္ဓါတရား ထက်သန်မှုကို တွေ့မြင်နိုင်ပြီး မိသားစုအလိုက်၊ ရပ်ကွက်ကျေးရွာအလိုက်၊ ဘာသာရေး အသင်းအဖွဲ့များအလိုက်၊ ရုံးဌာနများအလိုက် စုပေါင်းထမနဲထိုးပွဲများ ကျင်းပပြုလုပ် ကြသည်။
(သတင်းစဉ်)