နေပြည်တော် ဖေဖော်ဝါရီ ၂၂
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ SIM Card များ စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ရာ အပြည့်အစုံမှာ ဖော်ပြပါအတိုင်းဖြစ်ပါသည်-
SIM Card များ စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
၁။ မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေပေးငွေယူကိစ္စ (Mobile Financial Service) ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာသည်နှင့်အမျှ အဆိုပါကိစ္စရပ်များကို လုံခြုံစိတ်ချမှုရှိစွာ ဆောင်ရွက်နိုင်ရန်နှင့် စနစ်တကျ မှတ်ပုံတင်ထားခြင်းမရှိသော SIM Card များဖြင့် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ကျူးလွန်သော ရာဇဝတ်မှုများကို လျှော့ချနိုင်ရန်၊ မိုဘိုင်းဖုန်းသုံးစွဲသူများက မိမိတို့၏ မိုဘိုင်းဖုန်းဖြင့် ဆောင်ရွက်မှုကို တာဝန်ခံနိုင်စေရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၄ ခုနှစ်တွင် SIM Card မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာကျင့်စဉ် (Code of Practice for Mobile Service User Registration) ကို ထုတ်ပြန်၍ စနစ်တကျ မှတ်ပုံတင်နိုင်ရေး မိုဘိုင်းအော်ပရေတာများသို့ အကြိမ်ကြိမ် ညွှန်ကြားခဲ့ပါသည်။
၂။ သို့ရာတွင် မိုဘိုင်းအော်ပရေတာများနှင့် အရောင်းဆိုင်များ၏ အားနည်းမှုကြောင့် စနစ်တကျ မှတ်ပုံတင်မထားသော SIM Card များစွာရှိသည့်အတွက် စနစ်တကျမှတ်ပုံတင်နိုင်ရန် သတင်းစာများနှင့် မီဒီယာများမှ အသိပေးကြေညာခဲ့ပြီး ၂၀၁၆ ခုနှစ် ဩဂုတ်လ မှ ၂၀၁၇ ခုနှစ် ဇွန်လအထိ (၁၁)လ အချိန်ပေး၍ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်စေခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ မှတ်ပုံမတင်ခဲ့သော SIM Card (၆.၅) သန်းခန့်ကို အပြီးပိတ်သိမ်းခဲ့ရပါသည်။ ထိုစဉ်က SIM Card မှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြုကတ်တစ်ခုလျှင် မည်မျှအထိ မှတ်ပုံတင်နိုင်သည်ကို ကန့်သတ်ခဲ့ခြင်းမရှိခြင်းကြောင့် အရောင်းဆိုင်များက နိုင်ငံသား စိစစ်ရေးကတ်အမှတ်တစ်ခုဖြင့် SIM Card များစွာကို မှတ်ပုံတင်ပြီး အခြားသူများအား ရောင်းချခြင်း၊ အချို့သူများက နိုင်ငံသားစိစစ်ရေး ကတ်အမှတ်တစ်ခုဖြင့် SIM Card များ မှတ်ပုံတင်ဝယ်ယူပြီးအပြင်တွင် ပြန်လည်ရောင်းချခြင်းတို့ကြောင့် အချို့သော SIM Card များကို သုံးစွဲသူ၏ အချက်အလက်အမှန်ဖြင့် မှတ်ပုံတင်နိုင်ခဲ့ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရပါသည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ် ဧပြီလမှစ၍ နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြုကတ်ပြား တစ်ခုဖြင့် SIM Card (၂)ခုသာ မှတ်ပုံတင်ရောင်းချနိုင်ရေး ညွှန်ကြားခဲ့သော်လည်း (၃၁-၁-၂၀၂၀) ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြုကတ်ပြားတစ်ခုလျှင် SIM Card (၂)ကတ်ထက် ပိုမိုမှတ်ပုံတင်ထားသော မိုဘိုင်း အော်ပရေတာအလိုက် SIM Card အရေအတွက်မှာ MPT တွင်(၁၂.၉၅)သန်းခန့်၊ MyTel တွင် (၄.၆)သန်းခန့်၊ Ooredoo တွင်(၄.၆)သန်းခန့်နှင့် Telenor တွင် (၆.ဝ၅)သန်းခန့် စုစုပေါင်း(၂၈.၂)သန်းခန့် ကျန်ရှိလျက်ရှိပါသည်။ အသေးစိတ် စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၃။ သုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများက ဆောင်ရွက်ပေးလျက်ရှိသော စစ်ဆေးနိုင်မည့်နည်းလမ်းများဖြင့် မိမိသုံးစွဲနေသော SIM Card သည် မိမိ၏ ကိုယ်ရေးအချက်အလက်များဖြင့် မှတ်ပုံတင်ထားသော SIM Card မှန်/မမှန် စစ်ဆေး၍ မမှန်ပါက သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြင့်လည်းကောင်း၊ အရောင်းဆိုင်များတွင်လည်းကောင်း သတ်မှတ်နည်းလမ်းများဖြင့် (၃၀-၆-၂၀၂၀) နောက်ဆုံးထား၍ ပြန်လည် မှတ်ပုံတင်ရမည် ဖြစ်ပါသည်။
၄။ သုံးစွဲသူများသည် မိမိအသုံးပြုလျက်ရှိသော SIM Card သည် မိမိအမည်ဖြင့် မှန်ကန်မှု ရှိ/မရှိ သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ အရောင်းဆိုင်များတွင် လည်းကောင်း၊ Website နှင့် Mobile Application များ အသုံးပြု၍ လည်းကောင်း၊ မိမိကိုယ်တိုင် မှတ်ပုံတင်ခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။
၅။ သုံးစွဲသူများ ပြန်လည်မှတ်ပုံတင်နိုင်ရေးအတွက် မိုဘိုင်းအော်ပရေတာများကလည်း လွယ်ကူအဆင်ပြေစေရေး ဆောင်ရွက်ပေးကြမည်ဖြစ်ပါသည်။ တည်ဆဲဥပဒေအရ ထုတ်ပေးထားသည့် သက်သေခံလက်မှတ် သို့မဟုတ် ယင်းလက်မှတ် အမှတ်ပါ အသိအမှတ်ပြုကတ်တစ်ခုခုဖြင့် (၂) ကတ်ထက်ပို၍ မှတ်ပုံတင်ထားသော SIM Card များနှင့် အချက်အလက်မှန်ကန်စွာဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် SIM Card များကို (၃၀-၄-၂၀၂၀) နောက်ပိုင်း မှတ်ပုံတင်ရေးကိစ္စများကို စုံစမ်းနိုင်ရန် Call Center သို့ ခေါ်ဆိုနိုင်ခြင်းမှလွဲ၍ အထွက်ခေါ်ဆိုမှု ပိတ်ထားခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး (၃၀-၆-၂၀၂၀) နောက်ပိုင်း အပြီးသတ်ပိတ်သိမ်းသွားမည် ဖြစ်ပါသည်။
၆။ သို့ဖြစ်ပါ၍ သုံးစွဲသူများအနေဖြင့် မိမိတို့အမှန်တကယ်သုံးစွဲနေသော SIM Card များကို ပိတ်သိမ်းခံရမှုမရှိစေရေးအတွက် မိမိတို့၏ SIM Card များကို မှန်ကန်စွာ မှတ်ပုံတင်ကြပါရန်နှင့် ဈေးကွက်အတွင်း ရောင်းချနေသော ကြိုတင်မှတ်ပုံတင်ထားသည့် SIM Card များကို ဝယ်ယူခြင်း မပြုကြပါရန် အသိပေးကြေညာအပ်ပါသည်။
Ref; ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန