နေပြည်တော် ဇွန် ၂၂
အမျိုးသမီးငယ်ကို တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ပါက အစစအရာရာ အဆင်ပြေကြောင်း လိမ်လည်စည်းရုံးပြောဆိုကာ တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ အမှတ် (၇) ရပ်ကွက်နေ မ--- (၂၄) နှစ်သည် ခင်မင်ရင်းနှီးသူ မဝတ်ရည်စိုး (ခ) အငယ်မ (လိပ်စာတူ) ထံ အလုပ်လုပ်ကိုင်လိုကြောင်း ပြောကြားရာ လာအိုနိုင်ငံရှိ တရုတ်သူဌေးထံတွင် အငှားကိုယ်ဝန်ဆောင်ပေးလျှင် အေးအေးဆေးဆေး နေနိုင်မည်ဖြစ်ကြောင်း လိမ်လည်စည်းရုံးပြောဆိုသဖြင့် အမျိုးသမီးငယ်မှ သဘောတူခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အမျိုးသမီးငယ်အား တာချီလိတ်မြို့မှတစ်ဆင့် လာအိုနိုင်ငံသို့ ပို့ဆောင်ခဲ့ရာ အဆင်မပြေသဖြင့် ကျိုင်းတုံမြို့သို့ ပြန်လာခဲ့ကြောင်း။
ထို့နောက် မဝတ်ရည်စိုး (ခ) အငယ်မမှ တရုတ်နိုင်ငံရှိ နားကြပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် တရုတ်ယွမ် ၄၅၀ဝ ခန့်ရမည်၊ အစစအရာရာအဆင်ပြေမည်ဟု ထပ်မံလိမ်လည် စည်းရုံးပြောဆိုခဲ့ပြီး ကျိုင်းတုံမြို့အနီးရှိ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံ ခန့်နန်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသားနှစ်ဦးထံတွင် တရုတ်ဇနီးမယားအဖြစ် အဆင့်ဆင့် ရောင်းစားခံခဲ့ရသော်လည်း အခကြေးငွေရရှိခြင်း မရှိခဲ့ကြောင်း၊ ဒုတိယတရုတ်အမျိုးသားနှင့် ပေါင်းသင်းနေထိုင်စဉ် တရုတ်ရဲတပ်ဖွဲ့မှ ရောက်ရှိစစ်ဆေးခဲ့ရာ တရုတ်နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ကိုးလခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ရောက်ရှိခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (နေပြည်တော်)မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ လယ်ဝေးမြို့မရဲစခန်း (ပ) ၂၁၇/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇွန် ၁၈ ရက်တွင် လယ်ဝေးခရိုင် တရားရုံးမှ မဝတ်ရည်စိုး (ခ) အငယ်မအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
