ရန်ကုန် ဇန်နဝါရီ ၄
တတိယအကြိမ် လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာရုပ်ရှင်ပွဲတော် (မြန်မာနိုင်ငံပြပွဲ) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။ ထို့နောက် ကိုရီးယားနိုင်ငံ ဟန်အီရုပ်သံသမိုင်း ဖောင်ဒေးရှင်းတာဝန်ခံ မစ္စရီယူရီမှ မြန်မာနှင့် ကိုရီးယား လွတ်လပ်ရေးကြိုးပမ်း ဆောင်ရွက်ခဲ့သူများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြပြီး “ငါ့ညီငါ့မြေငါ့အမေ” ဇာတ်ကားအား ပြသခဲ့သည်။
ယခုပြုလုပ်သော တတိယအကြိမ် လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာရုပ်ရှင်ပွဲတော် (မြန်မာနိုင်ငံပြပွဲ) သည် ၂၀၁၈ ခုနှစ်မှစတင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သည် တတိယအကြိမ်မြောက်ဖြစ်သည်။ ၎င်းရုပ်ရှင်ပွဲတော်ကို ဇန်နဝါရီ ၄ ရက်နှင့် ၅ ရက်တို့တွင် နှစ်ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြင့် အများပြည်သူများကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်