Skip to main content

ရန်ကုန် ဇန်နဝါရီ ၄ တတိယအကြိမ် လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာရုပ်ရှင်ပွဲတော် (မြန်မာနိုင်ငံပြပွဲ) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ရုပ်ရှင

ရန်ကုန် ဇန်နဝါရီ ၄

 

(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်) ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား အလေးပြုပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဒီမိုကရေစီအရေးတော်ပုံတွင် ကျဆုံးခဲ့ကြသော ရဟန်း ရှင်လူ ကျောင်းသားပြည်သူများအား ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရှစ်စက္ကန့် ငြိမ်သက်ခြင်းတို့ကို ပြုလုပ်ကြသည်။

အခမ်းအနား သဘာပတိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ဒီကနေ့ ကျွန်ုပ်တို့ရဲ့ အဓိကကျတဲ့ တာဝန်နှစ်ရပ်ကတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ အရယူပေးခဲ့တဲ့ အမျိုးသားလွတ်လပ်ရေးကို မဆုံးရှုံးအောင် ထိန်းသိမ်းကာကွယ်ပေးရေးနဲ့ လွတ်လပ်ရေးရဲ့ အသီးအပွင့်တွေ၊ ရလဒ်တွေကို ပိုမိုဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတော်နဲ့ ပြည်သူလူထု ချမ်းသာကြွယ်ဝခြင်းနဲ့အတူ နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးတို့ပဲ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ထို့နောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အချက်ငါးချက်ပါရှိသည့် လွတ်လပ်ရေးနေ့ကြေညာချက်ကို ဖတ်ကြားပြီး နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များနှင့် သံရုံးများမှ ပေးပို့လာသော သဝဏ်လွှာများကို မှတ်တမ်းတင်သည်။

အဆိုပါ အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကျင်းပခြင်းဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ သဘာပတိအဖွဲ့ဝင် ဦးအုန်းကြိုင်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သတင်းနှင့် ဓာတ်ပုံ-ဇော်ကြီး