Skip to main content

(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲနှင့် အားကစားပွဲများ ပျော်ရွှင်စွာ ဆင်နွှဲ

နေပြည်တော် ဇန်နဝါရီ ၄

 

၂၀၂ဝ ပြည့်နှစ် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဝန်ကြီးဌာနများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များတွင် ပျော်ပွဲ၊ ရွှင်ပွဲနှင့် အားကစားပွဲများကျင်းပ၍ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူလူထုများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

နံနက်ပိုင်းမှစတင်၍ နေပြည်တော်ကောင်စီနယ်မြေ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းတွင်  ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများ၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းမိသားစုတို့ စုပေါင်း၍ ပျော်ပွဲရွှင်ပွဲများအဖြစ် အာလူးကောက်ပြိုင်ပွဲ၊ အာလူးဇွန်းကိုက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ ခြေပူးပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ ဝက်မျက်လုံးတပ်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ခါးလှည့်ကြိမ်ကွင်း ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ စသည့်အားကစားပြိုင်ပွဲများကို အစုအဖွဲ့အလိုက်၊ အသင်းအဖွဲ့အလိုက် ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင် ကစားကြသည်။

ထို့နောက် အားကစားနည်းအလိုက် ဆုရရှိသူများကို  ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသား လွှတ်တော်ရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် အမှတ် (၁၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတို့က ဆုများချီးမြှင့်ကြသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်များအတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်အသီးသီးတွင်လည်း အားကစားနည်းများအလိုက် ပြိုင်ပွဲများ ကျင်းပလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူ များ ပါဝင်ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲအလိုက် ဆုရရှိသူများကို ပညာရေးမှူးများနှင့် ကျောင်းအုပ်ဆရာမကြီးများ၊ သက်ဆိုင်ရာ ဆရာ၊ ဆရာမ များနှင့် ရပ်ကွက်အလိုက် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဝန်ကြီးဌာနများအနေဖြင့်လည်း ဌာနတွင်း ပျော်ပွဲရွှင်ပွဲများအဖြစ် အားကစားပြိုင်ပွဲများကို ကျင်းပကြပြီး (၇၂)နှစ်ပြည့် လွတ်လပ်ရေးနေ့ကို ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)