နေပြည်တော် ဖေဖော်ဝါရီ ၂၆
မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အခမ်းအနားနှင့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အခမ်းအနားများ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့တွင် မြန်မာ့ရုပ်ရှင်နှင့် ရန်ကုန်တက္ကသိုလ် ရာပြည့် အခမ်းအနားများအတွက် ဆောင်ရွက် ထားပြီးသည်များ၊ ဆက်လက်လုပ်ဆောင် ရန်များကို ရှင်းလင်းတင်ပြကြရန် ဖြစ်ပါကြောင်း၊ လိုအပ်သည်များကို ဖြည့်စွက်ပြီး အကြံဉာဏ်များပေးရန်နှင့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ၊ ဆပ်ကော်မတီ အစည်းအဝေးများတွင် ပြည့်ပြည့်စုံစုံ တင်ပြ ဆွေးနွေး ညှိနှိုင်းနိုင်ရန် ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် က မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီကို နိုင်ငံတော် သမ္မတရုံး၏ ၁၃-၂-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၃ / ၂၀၂၀ ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ထားရှိမှုနှင့် ဦးစီးကော်မတီ၏ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေး အပ်ရန် လျာထားမှုနှင့် လုပ်ငန်းတာဝန်များကို လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားကျင်းပရေး လုပ်ငန်း ကော်မတီ များတွင် ပါဝင်ဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်း လင်းတင်ပြသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က မြန်မာ့ရုပ်ရှင် ရာပြည့် အခမ်းအနား ကျင်းပနိုင်ရေးနှင့် ရန်ကုန်တက္ကသိုလ် ရာပြည့် အခမ်းအနားများ ကျင်းပနိုင်ရေးအတွက် မြန်မာ့အသံ (ရေဒီယို)နှင့် ရုပ်မြင်သံကြားအစီအစဉ်များ ရိုက်ကူး ထုတ်လွှင့် နေမှု၊ ဆက်လက်ထုတ်လွှင့် ရန် လျာထားချက်များကို ကနဦးကာလ၊ အကြိုကာလ၊ ပွဲတော်ကာလနှင့် ပွဲတော်ပြီးကာလ အပိုင်း လေးပိုင်း ဖြင့် ရှင်းလင်း တင်ပြသည်။
ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့် က ရာပြည့်အခမ်းအနားအတွက် မှတ်တမ်း စာအုပ်ထုတ်ဝေရေး ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ကော်မတီအလိုက် ပါဝင်ဆောင်ရွက်နေမှုများကို လည်းကောင်း၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေက နိုင်ငံပိုင်သတင်းစာများတွင် ရာပြည့်အခမ်း အနားများနှင့် ပတ်သက်၍ ဖော်ပြခဲ့မှုများ၊ ဆက်လက်ဖော်ပြရန် လျာထားသည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြ သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တက်ရောက်လာကြသူများက အထွေထွေ ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။
(သတင်းစဉ်)