Skip to main content

ရှမ်းပြည်နယ်၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်သူများအား လုံးပူးပေါင်း ဆောင်ရွက်လျက်ရှိ

နေပြည်တော်  ဒီဇင်ဘာ  ၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး နှင့်အတူ အောက်တိုဘာ (၃၀)ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့နယ်ခွဲ အသုံးတော်ကျေးရွာ အုပ်စု၊ နမ့်ကွတ်ကျေးရွာရှိ ရှမ်းရိုးမ မွေးမြူရေးဇုန်(၂) သို့ရောက်ရှိကြပြီး ဇုန်အတွင်း ဆောင်ရွက်ထားရှိသော မွေးမြူရေး လုပ်ငန်းများ၊ ခေတ်မီနည်းစနစ်ဖြင့် မွေးမြူထားသော ဥစားကြက် မွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြည်နယ် ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒေသဝမ်းစာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ တောင်သူနည်းပညာပြန့်ပွား ရေးနှင့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ရွှေညောင်မြို့ စက်မှုလယ်ယာဦးစီးဌာန၏ စက်မှုလယ်ယာထွန်စက် မောင်းသင်တန်း ပေးနေမှုနှင့် တောင်သူပညာပေးဆောင်ရွက်နေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး  ကုန်းမြင့်လယ်ယာ ဖော်ဆောင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊ မိရိုးဖလာ စိုက်ပျိုးနည်းစနစ်မှ ခေတ်မီစိုက်ပျိုးနည်းစနစ်ဖြစ်လာစေရန် ဒေသနှင့် ကိုက်ညီသည့် လယ်ယာသုံးစက်ကိရိယာများ တီထွင်ဆောင်ရွက်ကြရန် လိုအပ်ချက် များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

အလားတူ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညောင်ရွှေငါးလုပ်ငန်းစခန်းတွင် ဒေသမျိုး(ငါးဖိန်း)နှင့် နိုင်ငံခြားငါးမျိုးများကို သဘာဝနည်း၊ သိပ္ပံနည်းများဖြင့် သားဖောက်၍ ငါးသားပေါက်ဖြန့်ဖြူးခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးသိပ္ပံကျောင်း(ဟဲဟိုး) သို့ရောက်ရှိကြပြီး ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်နေမှုများ၊ မွေးမြူရေး ဒီပလိုမာသင်တန်းအသစ် ထည့်သွင်းဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများ အလိုက် ကျောင်းဖွင့်ချိန်အမီပြီးစီးရေး ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 လုပ်ငန်းများနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးက မှာကြားရာတွင် လယ်ယာ ကဏ္ဍတွင် လိုအပ်လျက် ရှိနေသည့် စိုက်ပျိုးမွေးမြူရေး အခြေခံသည့် အသက်မွေးဝမ်း ကျောင်းပညာ ကျွမ်းကျင်သူများအဖြစ် သင်ကြားမွေးထုတ်ပေးရာ၌  စိုက်ပျိုးရေးသိပ္ပံ ကျောင်းများတည်ရှိရာ မတူညီသည့် ဒေသရေမြေ အခြေခံများကို အခွင့်အရေးကောင်းအဖြစ် အသုံးချပြီး အရည်အသွေးပြည့်ဝသည့် လူသားအရင်း အမြစ်များ ဖြစ်စေရေး မျှော်မှန်းလေ့ကျင့်သင်ကြားပေးကြ စေလိုကြောင်း ဆွေးနွေးပြောကြားသည်။

သတင်းစဉ်