မန္တလေး ဇန်နဝါရီ ၄
မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတွင် ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပမည့် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲများ၊ ပြပွဲများနှင့် ဈေးရောင်းပွဲတော်တွင် စက်ရက်ကန်းနှင့် လက်ရက်ကန်းဒီဇိုင်းပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်က ပြောကြားသည်။
▲ ရည်ရွယ်ကျင်းပ ▲
အဆိုပါပြပွဲ၊ ပြိုင်ပွဲများကို နေ့စဉ်နံနက် ၉ နာရီမှည ၈ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး စက်ရက်ကန်း ဒီဇိုင်းပြိုင်ပွဲနှင့် လက်ရက်ကန်း ဒီဇိုင်းပြိုင်ပွဲများအပြင် ချည်မျှင်နှင့် အထည်အလိပ်ဒီပလိုမာကျောင်းဆင်း လက်ရာပြိုင်ပွဲ၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းများ၏ ကျောင်းဆင်းလက်ရာပြိုင်ပွဲ၊ ပြင်ပရက်ကန်း ပညာရှင် အဆင့်ပြိုင်ပွဲများနှင့် ဈေးရောင်းပွဲတော်များလည်း ပါဝင်မည်ဖြစ်ကာ ရက်ကန်းပညာရှင်များ၏ ဆန်းသစ်တီထွင်နိုင်မှုကို ဖော်ထုတ်ရန်၊ ရက်ကန်းပညာရပ်များ ပြန့်ပွားစေရန်နှင့် ရက်ကန်းလုပ်ငန်းများ တိမ်ကောပပျောက်မှုမရှိစေရန် ရည်ရွယ်၍ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
“စက်ရက်ကန်းမှာဆိုရင် သဘာဝချည်နဲ့ ကြိုက်နှစ်သက်ရာ ဆိုးဆေးသုံးပြီး ရက်ခတ်တဲ့ ပြိုင်ပွဲ၊ လက်ရက်ကန်းမှာ သဘာဝချည်၊ သဘာဝဆိုးဆေးသုံးပြီး ရက်ခတ် တာနှင့် ကြိုက်နှစ်သက်ရာ ချည်၊ ကြိုက်နှစ်သက်ရာ ဆိုးဆေး အသုံးပြုပြီး ရက်ခတ်ရမယ့် ပြိုင်ပွဲဆိုပြီး ခွဲခြားထားပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံးက သက်မွေး ပညာသိပ္ပံကျောင်း ၁၃ ကျောင်းကလဲ ပြိုင်ပွဲအမျိုးအစား ၁၅ မျိုး ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ဇန်နဝါရီ ၃ ရက်အထိ ပြိုင်ပွဲဝင် စုစုပေါင်း ၂၃ ဦးရှိပါပြီ”ဟု ၎င်းက ပြောသည်။ ချည်မျှင်နှင့် အထည်အလိပ်ဒီပလိုမာကျောင်းဆင်းလက်ရာပြပွဲနှင့် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲ၊ ပြပွဲ၊ ဈေးရောင်းပွဲတော်ကို ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံနှင့် အထည်အလိပ် ရက်ကန်းလုပ်ငန်းရှင်များအသင်း (မန္တလေး)တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲ တော်များအပြင် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းနှင့် ရက်ကန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲများလည်း ထည့်သွင်းကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)