၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့သည့် ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပနေသည်။ ယခုနှစ် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်၏ တည်ထောင်မှုသက်တမ်း နှစ် ၁၀၀ တင်းတင်း ပြည့်မည်ဖြစ်ရာ ရန်ကုန်တက္ကသိုလ်ရာပြည့်အခမ်းအနား ပွဲလမ်း သဘင်ကြီးများကိုမူ လာမည့်နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ကျင်းပသွားမှာလည်း ဖြစ်သည်။
မြောက်ဘက်နှင့် အရှေ့ဘက်တွင် အင်းလျားလမ်း၊ အနောက် ဘက်တွင် ပြည်လမ်းနှင့် တောင်ဘက်တွင် ဇော်ဂျီလမ်းတို့ဖြင့် နယ်နိမိတ်အနားသတ်ထားသည့် ရပ်ဝန်းကြီးမှာ ရန်ကုန် တက္ကသိုလ်နယ်မြေကြီးဖြစ်သည်။ မြောက်ဘက်တွင် အင်းလျားကန်ကို ဦးတိုက်ထားကာ ဘွဲ့နှင်းသဘင်ခန်းမ၊ အဓိပတိလမ်း၊ ဝိဇ္ဇာသိပ္ပံ စာသင်ဆောင်များ၊ ယုဒဿန်ဘုရားရှိခိုးကျောင်း၊ တက္ကသိုလ်စာကြည့်တိုက်၊ အဆောင်များ၊ သစ်ပုပ်ပင်၊ RC စသည့် ရန်ကုန်တက္ကသိုလ်၏ အထိမ်းအမှတ်များ၊ ရန်ကုန်မြို့ပြ အမွေအနှစ်များ အထင်ကရရှိနေသလို တက္ကသိုလ်ရိပ်သာလမ်း၏ တစ်ဖက်ခြမ်း တောင်ဘက်တွင်မူ တက္ကသိုလ်ဆေးရုံ၊ တက္ကသိုလ်များ ဓမ္မာရုံ၊ တက္ကသိုလ်စာတိုက်၊ သထုံလမ်း၊ အဝေးသင်တက္ကသိုလ် ဆေးတက္ကသိုလ်(၁)၊ ပညာရေးတက္ကသိုလ်စသည့် အဆောက်အအုံများလည်း ရှိနေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ မတိုင်မီက ယင်းနယ်မြေကြီးသည် အလွန်ထူထပ်သော တောများနှင့် ဥယျာဉ်ခြံများ ရှိခဲ့သည်။
ဒုတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲအပြီး အောက်မြန်မာနိုင်ငံကိုလိုနီအဖြစ် သိမ်းပိုက်ခံခဲ့ရပြီးနောက် ၁၈၇၈ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်ရန် ရန်ကုန်အထက်တန်းကျောင်းတွင် ကျောင်းသားများ လက်ခံသင်ကြားပေးရာမှ မြန်မာနိုင်ငံတွင် ကောလိပ်ပညာရေး စတင်ခဲ့ပြီး ၁၈၈၅ ခုနှစ်တွင် ရန်ကုန်ကောလိပ် ဖြစ်လာခဲ့သည်။ ရန်ကုန်ကောလိပ်ကို သီးခြားလွတ်လပ်သော တက္ကသိုလ်အဖြစ် ဖွင့်လှစ် ပေးရန်လှုံ့ဆော်မှုများမှာ ၁၈၉၂ ခုနှစ်ကပင် စတင်ခဲ့သော်လည်း ဗြိတိသျှအစိုးရက လျစ်လျူရှုခဲ့ပြီး ၁၉၁၈ ခုနှစ်ရောက်သည့် အခါမှသာရန်ကုန်ကောလိပ်နှင့် ယုဒဿန်ကောလိပ်တို့ကို ပေါင်းပြီး ရန်ကုန် တက္ကသိုလ်တည်ထောင်ရန် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်သည့် အချိန်တွင်မူ တက္ကသိုလ်ဥပဒေပါအချက်များနှင့် စပ်လျဉ်း၍ ကျောင်းသားများနှင့် ပြည်သူများ၏ ကန့်ကွက်ဆန္ဒပြမှုများ နိုင်ငံအနှံ့တွင် ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသမိုင်းတွင် အရေးပါသည့် အမျိုးသား ရေးလှုပ်ရှားမှုကြီးအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။ ပညာရင်နို့သောက်စို့ရာ ကျောင်းတော်ကြီးဖြစ်သဖြင့် အမိတက္ကသိုလ်ဟူ၍ လည်းကောင်း၊ သစ်ရိပ်ဝါးရိပ်တို့ အမြဲစိမ်းလန်းစိုပြည်နေ သောကြောင့် မြကျွန်းညိုဟူ၍ လည်းကောင်း ကျောင်းသားကျောင်းသူတို့က တင်စားလေ့ရှိကြသည့် ရန်ကုန်တက္ကသိုလ်ကြီးမှ မြန်မာ့သမိုင်းအတွက် အရေးပါသောခေါင်းဆောင်များ၊ ပညာရှင်များ၊ ပုဂ္ဂိုလ်အကျော်အမော်များ မွေးထုတ်ပေးခဲ့သလို သမိုင်းဝင်သည့် နေရာတစ်နေရာလည်း ဖြစ်ခဲ့သည်။
ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၏ မူလအစ တက္ကသိုလ်ကြီးဖြစ်ခဲ့ပြီး အရှေ့တောင်အာရှဒေသတွင် အစောဆုံး တည်ထောင်ခဲ့သည့် တက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံမှ အောက်စဖို့ဒ်နှင့် ကိန်းဘရစ်ချ် တက္ကသိုလ် တို့၏ စနစ်အတိုင်း ဖွဲ့စည်းတည်ဆောက်ခဲ့သည့် ရန်ကုန် တက္ကသိုလ်သည် ၁၉၄၀ နှင့်၁၉၅ဝ ပြည့်နှစ်ကာလများအတွင်း အာရှ၏ အကောင်းဆုံး တက္ကသိုလ်တစ်ခု ဖြစ်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်၏ ရွှေရောင်နေ့ရက်များသည် ၁၉၆၂ ခုနှစ် အလွန် ကာလများမှစကာ ရွှေအဆင်းတို့ လွင့်ပြယ်ခဲ့ရပြီး ဆယ်စုနှစ်များစွာ နိမ့်သထက် နိမ့်ကျခဲ့ရာမှ မြန်မာ့ပညာရေး သည်လည်း ကမ္ဘာ့အဆင့်တွင် အလှမ်းဝေးခဲ့ရသည်။
ပညာရေးစနစ်တစ်ခုကို ဖျက်ဆီးရန် လွယ်ကူသလောက် ပြန်လည်တည်ဆောက်မြှင့်တင်ရန်မှာမူ ခက်ခဲလှ သည်။ ဆုံးရှုံးသွားသည့် ပညာအရင်းအမြစ်များကို ပြန်လည်ရရှိရန်မှာ မျိုးဆက်နှင့်ချီ၍ ကြိုးပမ်းရမှာ ဖြစ်သည်။ ဆယ်စုနှစ်နှင့်ချီ၍ အချိန်ယူရ မှာလည်းဖြစ်သည်။ မည်သို့ပင်ဆိုစေ နိုင်ငံသူ နိုင်ငံသားတို့ပညာ အဆင့်အတန်းမြင့်မားရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့အဆင့်အတန်းမြင့်မားရေးတို့နှင့် တိုက်ရိုက် အချိုးကျနေသည့် အလျောက် မဆုတ်မနစ် မဖြစ်မနေ ကြိုးပမ်းကြရမည်သာ ဖြစ်ပါကြောင်း။ ။