နေပြည်တော် ဧပြီ ၂၄
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီ၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီ၊ စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ လေးကျွန်းမာရ်အောင်စေတီတော်များရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက်အဦများ၊ အရန်စေတီများ ဖယ်ရှာရှင်းလင်းနေမှုတို့ကိုလည်းကောင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မလေးရှားနိုင်ငံဆေးဘက်ဆိုင်ရာကုသရေးအဖွဲ့၏ ယာယီဆေးရုံအတွင်း ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများကိုလည်းကောင်း၊ ၎င်းရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသောနေရာများ၌ ရှင်းလင်းဖယ်ရှားနေမှုများကိုလည်းကောင်း ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ မွန်းလွဲပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းမြို့၊ အေးမြဝတီရပ်ကွက်ရှိ ခုတင်(၂၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံ၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်ဆစ်ရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်(စစ်ကိုင်း)၊ ပိုးတန်းရပ်ကွက်နှင့် နန်းစုရပ်ကွက်တို့ရှိ လူအနေအဆောက်အဦတို့၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်နေမှုတို့ကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ နန်းမြို့ရိုးသို့သွားရောက်၍ ရတနာပုံဥယျာဉ်လမ်းမတစ်လျောက် အများပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရေးအတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုများ၊ မြို့ရိုးအရှေ့ဘက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော လွန်ကဲပြသာဒ်နေရာတွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများ၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းနေရာ၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗဟိုမီးသတ်ရုံးတို့၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး မိသားစုများအား တွေ့ဆုံအားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများနှင့် အဝတ်အထည်များ ပေးအပ်သည်။
ယင်းနောက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အောင်မြေသာစံမြို့ နယ်ရှိ Sky Villa ၊ ချမ်းအေးသာစံမြို့နယ်ရှိ Golden City Hotel ၊ မာကျူရီဟိုတယ်၊ ဘီကျင်ဟိုတယ်၊ တိုင်းသမဝါယမဦးစီးမှူးရုံးနှင့် ချမ်းအေးသာစံမြို့နယ်ရှိ အန္တရာယ်ရှိအဆောက်အဦနေရာများသို့ သွားရောက်၍ အပျက်အစီးများ ရှင်းလင်းဖယ်ရှားနေမှုများအား ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ရွှေကျီးမြင်ဘုရား၊ Sky Villa ၊ အမရပူရမြို့နယ်ရှိ ရွှေအိုးရရွှေဖားရကျောင်းတိုက်၊ ကွမ်စီရင်ဗုဒ္ဓဘာသာတရုတ်ဘုံကျောင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဝေသာလီမဟာဂန္ဓာရုံကျောင်းတိုက်၊ သမိဒ္ဓေါဒယ(ယော)သီလရှင်ပရိယတ္တိစာသင်တိုက်နေရာများသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများ ရှင်းလင်းဖယ်ရှားနေမှုများအား ကြည့်ရှုပြီး ကျောင်းထိုင်ဆရာတော်ကြီးများအား အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ လုပ်ငန်းဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများပေးအပ်ခြင်းတို့ ဆောင်ရွက်ပေးသည်။ ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်တို့သည် MOTTAMA Foundationမှ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ကာလတန်ဖိုး ကျပ်သိန်း ၂၂၀၀ တန်ဖိုးရှိ လူနေမိုးကာတဲ ၄၀၀ လုံးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် ကျောက်ဆည်မြို့၊ သင်တောင်းကြီးကျေးရွာရှိ မဟာရွှေသိမ်တော်မြတ်စွာဘုရား၌ ရွှေသင်္ကန်းကပ်လှူခြင်း၊ ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်း၌ သန့်ရှင်းရေးပြုလုပ်နေမှုများကိုလည်းကောင်း၊ ယာယီဈေးအဖြစ် ပြောင်းရွေ့ဖွင့်လှစ်မည့် စည်ပင်သာယာရေးပိုင်နယ်နိမိတ်ဖြစ်သော ဖောင်းရွာရပ်ကွက်၊ ဖောင်းရွာကွင်း၌ မြေနေရာရှင်းလင်းဖော်ထုတ်နေမှုများကို လည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် မင်းကုန်းမဟာစာသင်တိုက်မှ ကျောင်းဆောင်များအား SOP ဖြင့် စစ်ဆေးခဲ့ပြီး အန္တရာယ်ရှိ (၄)ထပ် ဆောင်အဆောက်အအုံ ဖြိုဖျက်ရှင်းလင်းဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့်အဆောက်အဦများအား SOP စနစ် ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အထိအဆောက်အဦ(၁၁၆၇)လုံးအား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ဦးစားပေးဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အဦ (၂၃၃)လုံး၊ ပြန်လည်ပြုပြင်နိုင်မည့် အဆောက်အဦ(၈၃၀)လုံး၊ အန္တရာယ်ရှိအဆောက်အဦများမှ(၁၆၁)လုံး ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန်အဆောက်အဦ(၇၂) လုံးဖြစ်ကြောင်း သိရှိရသည်။
၎င်းနောက် စဉ့်ကိုင်မြို့နယ်၊ ပလိပ်ကျေးရွာအုပ်စု၊ ချည်မျှင်လုပ်သားကျေးရွာရှိအမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း၊ ပန်ဒါချည်မျှင်အထည်နှင့်အချောကိုင်စက်ရုံ (ပုလိပ်)၊ မြောက်ကိုင်းကျေးရွာအုပ်စု၊ ဆယ့်နှစ်ကိုင်းကျေးရွာရှိ EABC(Europe & Asia Beverages Co.,Ltd) စက်ရုံနှင့် ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ညောင်ပင်ကြီးကျေးရွာ Htike Htike အထည်ချုပ်စက်ရုံများသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများအား ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားသည်။
ယင်းနောက် စဉ့်ကိုင်မြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စုရှိ မေတ္တာစွမ်းရည်ရွှေသိမ်တော်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်အားဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ကျောက်ဆည်ခရိုင်အတွင်း ထိခိုက်ပျက်စီးသွားသော အခြေခံပညာကျောင်း(၃၂၀)ကျောင်းရှိရာ ဧပြီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် အခြေခံပညာအထက်တန်းကျောင်းများအားလုံး၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် မြို့မိမြို့ဖများစုပေါင်း၍ ပြိုကျပျက်စီးသွားသော အပျက်အစီးများကို ဖယ်ရှားခြင်းနှင့် ကျောင်းအတွင်း/အပြင်သန့်ရှင်းရေးတို့ကို အပြီးသတ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။