မန္တလေး ဇန်နဝါရီ ၄
မန္တလေးဒေသခံမြို့မိ မြို့ဖများနှင့် မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစု ၁၈ ဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မန္တလေးသံစဉ်ဂန္တဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့ မဖြစ်ဘူး ဂီတပွဲတော်ကို ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) ည ၇ နာရီအချိန်က မန္တလေးမြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပသည်။
အဆိုပါဂီတပွဲတော်သို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေး အခြေစိုက် တိုင်းရင်းသားလူမျိုးစု ၁၈ ဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မောင်မြင့်၊ ကယန်းတိုင်း ရင်းသား လူမျိုးစု အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် အဖွဲ့ဝင်များ၊ ဂီတပွဲတော် ကျင်းပရေးအဖွဲ့ တာဝန်ရှိသူများ ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ရှေးဦးစွာ ဂီတပွဲတော်စတင်ဖွင့်လှစ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က မုဒိတာ စကားပြောကြားသည်။
ဆက်လက်၍ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခု မန္တလေးမြို့တွင် ကျင်းပသည့် မငြိမ်းချမ်းလို့ မဖြစ်ဘူး ဂီတပွဲတော်သို့ ကယားပြည်နယ်အစိုးရကိုယ်စား တက်ရောက်ချီးမြှင့်ခွင့်ရသည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ မိမိတို့နိုင်ငံအတွက် မရှိမဖြစ် လိုအပ်နေသည့် ငြိမ်းချမ်းရေး အသိအမြင်ကို ယခု ဂီတပွဲတော်မှတစ်ဆင့် ရင်ထဲ နှလုံးသားထဲအထိတိုင်အောင် အရောက်တွန်းပို့နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဂီတပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မောင်မြင့်က ပွဲတော်ကျင်းပသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဂီတပွဲတော်စတင်ကျင်းပရာ ဖျော်ဖြေရေးအဖွဲ့များက မငြိမ်းချမ်းလို့ မဖြစ်ဘူးသီချင်းစာသားအား အနှစ်သာရရှိစွာ ကြည့်ရှုနားဆင်ခံစားနိုင်စေရေးအတွက် နောက်ခံစကားပြောများ၊ မန္တလေး၏ ဂီတအနုပညာများ ယဉ်ကျေးမှုလက္ခဏာများနှင့် ပတ်သက်သည့် သမိုင်းမှတ်တမ်းများ၊ ငြိမ်းချမ်းခြင်းနှင့် မငြိမ်းချမ်းသည့် ကာလများတွင် နေထိုင်ရသည့် ဘဝဖြစ်စဉ်များအား နောက်ခံမှတ်တမ်းဓာတ်ပုံများဖြင့် တေးသရုပ်ဖော် တင်ဆက်ကပြ ဖျော်ဖြေခဲ့ကြသည်။
မန္တလေးသံစဉ် ဂန္ထဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတပွဲတော်တွင် ယဉ်ကျေးမှုတက္ကသိုလ် (မန္တလေး) မှ အနုပညာရှင်အဖွဲ့များ၊ မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစု ၁၈ ဖွဲ့မှ အကအဖွဲ့များ၊ ကယားပြည်နယ်မှ တိုင်းရင်းသား အဆိုရှင်များ၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့နယ်များမှ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများနှင့် အသင်းအဖွဲ့များ အဆိုရှင်များနှင့် ဂီတမိတ် ပညာရှင်များ စုစုပေါင်း အင်အား ၇၀၀ ကျော်ဖြင့် တီးခတ်သီဆို ကပြဖျော်ဖြေခဲ့ ကြသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)