Skip to main content

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် တိုင်းဒေသကြီး ကျောင်းသား အားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇန်နဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင် က ဂုဏ်ပြုအမှာစကား ပြောကြားပြီး တိုင်းဒေသကြီး အားကစားအဖွဲ့ခေါင်းဆောင် ဦးဝင်းနောင် က နေပြည်တော်၌ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်း(၄)မျိုးနှင့် ပတ်သက်၍ ပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် က နေပြည်တော်၌ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိသူတစ်ဦးလျှင် ငွေကျပ်(၁)သိန်း၊ လက်ဆင့်ကမ်း ရွှေတံဆိပ်ဆုရရှိသောအဖွဲ့ကို ငွေကျပ်(၂)သိန်း၊ ငွေတံဆိပ်ဆုရရှိသူကို ငွေကျပ် (၅) သောင်း၊ ကြေးတံဆိပ်ရရှိသူကို ငွေကျပ်(၃)သောင်း စုစုပေါင်း (၁၉)သိန်း(၂)သောင်းကျပ်နှင့် အမျိုးသမီး ဘောလုံးအသင်းတွင် ရွှေတံဆိပ်ဆုရရှိသည့်အတွက် တစ်ဦးလျှင်ငွေကျပ်(၁)သိန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၈)သိန်းကို ပေးအပ်ချီးမြှင့်ရာ အားကစားသမားများ က လက်ခံယူသည်။

ဆက်လက်၍ တိုင်းဒေသကြီးဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်း က ငွေကျပ်(၃)သိန်း ပေးအပ်ချီးမြှင့်ရာ အားကစားသမား(၂) ဦး က လက်ခံယူပြီး တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ကျေးဇူးတင်စကား ပြောကြားသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)