Skip to main content

ကရင်ပြည်နယ် ရိုးရာယဉ်ကျေးမှု အနုပညာနှီးနှောဖလှယ်ပွဲ ကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၂၈

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) တွင် တက်ရောက်လျက်ရှိသော ၂၀၁၉-၂၀၂၀ ပညာသင် နှစ်မှ ကျောင်းသား၊ ကျောင်းသူများသည် မြန်မာ့ယဉ်ကျေးမှုအနုပညာများကို စနစ်တကျထိန်းသိမ်းကာ လက်ဆင့်ကမ်း ပြန့်ပွားနိုင်ရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ ယဉ်ကျေးမှုအဖွဲ့များနှင့်  အနုပညာနှီးနှောဖလှယ်ပွဲကို ယမန်နေ့ ည ၇ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ဒုတိယပါမောက္ခချုပ် မောင်မောင်ဇော်ထက်က နှုတ်ခွန်းဆက်စကားပြောကြားကာ  ကရင်ပြည်နယ်အစိုးရအဖွဲ့မှ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ကရင်ပြည်နယ်ရှိ ကရင်၊ မွန်၊ ပအိုဝ်း၊ရှမ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းများနှင့် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)တို့၏ ရိုးရာယဉ်ကျေးမှု အနုပညာနှီးနှောဖလှယ်ပွဲကို ဆက်လက်ကျင်းပရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး)မှ ဖျော်ဖြေရေးအစီအစဉ်(၁၄)ခု၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကရင်ရိုးရာ ယဉ်ကျေးမှု ဒုံးအက၊ မွန်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ မွန်ရိုးရာယဉ်ကျေးမှုအက၊ ဘားအံ တက္ကသိုလ် ဝှေ့ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းက ဝှေ့ရှမ်းရိုးရာ ယဉ်ကျေးမှုအက၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအသင်းက ပအိုဝ်းရိုးရာ ယဉ်ကျေးမှုအကတို့ဖြင့် သီဆိုကပြဖျော်ဖြေ၍ နှီးနှော ဖလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)