နေပြည်တော် ဖေဖော်ဝါရီ ၂၈
၂၀၂၀ ပြည့်နှစ်၊ နွေရာသီ ရေရှားပါးကျေးရွာများ သောက်သုံးရေရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ကျေးလက်နေပြည်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် ဘေးကင်းလုံခြုံရေး၊ အဟာရပြည့်ဝစေရေးတို့အတွက် သန့်ရှင်းသော သောက်သုံးရေးရရှိရေးသည် များစွာ အရေးကြီးသည့်အတွက် ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ်သတ်မှတ်၍ အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ ရာသီဥတုပြောင်းလဲလာမှုများကြောင့် နွေရာသီကာလတွင် ကျေးရွာအချို့၌ ရေရှားပါးမှု၊ သောက်သုံးရေ မလုံလောက်မှု စသည့် ပြဿနာများကို နှစ်စဉ်ကြုံတွေ့နေရပါကြောင်း၊ ယခုနှစ် နွေရာသီကာလတွင်လည်း အလားတူပြဿနာများ ကြုံတွေ့ရမည်ဖြစ်သည့်အတွက် ကြိုတင်စီမံခန့်ခွဲနိုင်ရန် ယခုလိုညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ပါကြောင်း။
ယမန်နှစ်တွင် ကျေးရွာပေါင်း (၂၀၆) ရွာတွင် နွေရာသီကာလ ရေရှားပါးမှုအခက်အခဲနှင့် ကြုံတွေ့နိုင်မည်ဟု မျှော်မှန်းစီစဉ်ခဲ့ပြီး လက်တွေ့တွင် ကျေးရွာပေါင်း (၃၈၉)ရွာ ၌ ရေဖြန့်ဝေခြင်းလုပ်ငန်းများကို အချိန်မီဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယင်းကျေးရွာများတွင် သောက်သုံးရေ ဖူလုံစေရေးအတွက် နိုင်ငံတော်သမ္မတအပါအဝင် အလှူရှင်များ၏ လှူဒါန်းငွေများ၊ နိုင်ငံတော်ရန်ပုံငွေများဖြင့် ကျေးရွာပေါင်း(၉၃)ရွာတွင် ရေပေးရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျေးရွာ(၂၇၃)ရွာကို ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကာ ကျန်(၅၉)ရွာကို လာမည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန်လျာထားသည်ကို တွေ့ရှိရပါကြောင်း။
နွေရာသီရေရှားပါးမှုပြသနာကို ဖြေရှင်းရာတွင် သောက်သုံးရေဖြန့်ဝေခြင်းကဲ့သို့ လတ်တလောဆောင်ရွက်မည့် အစီအစဉ်များသာမက ကျေးရွာများ၏ ရေရှားပါးရခြင်း အဓိကအကြောင်းအရင်းများကို ဖော်ထုတ်ပြီး ဖြေရှင်းနိုင်မည့် ကာလတို၊ ကာလလတ် အစီအမံများကို ရေးဆွဲ၍ စနစ်တကျဆောင်ရွက်ရန် မှာကြားလိုပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် အစိုးရ၏ အားတစ်ခုတည်းသာမက ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အလှူရှင်များ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ကျေးလက်ရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျှော်မှန်း Target ပြည့်မီစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဒေသနှင့်ကိုက်ညီသော ခေတ်မီနည်းပညာများကို အသုံးပြုရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ယင်းနည်းပညာများ အသုံးပြုနိုင်ရေးအတွက် ရေပေးရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ အမှန်တကယ်ရေရှားပါးသော ကျေးရွာများကို ဖော်ထုတ်ပြီး ထိရောက်သော အစီအမံများ ရေးဆွဲနိုင်ရေးအတွက် ကျေးရွာများ၏ လက်ရှိအခြေအနေအမှန်ကို သိရရှိရန်လိုအပ်မည်ဖြစ်ပါကြောင်း။
ထို့ကြောင့် တစ်မြို့နယ်ချင်းအလိုက် ကျေးလက်ရေပေးရေးဆိုင်ရာ စစ်တမ်းများ၊ အချက်အလက်များ ကောက်ယူထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကျေးလက်ရေရရှိရေး အချက်အလက်စီမံခန့်ခွဲမှုစနစ် အသုံးပြု၍ ကျေးရွာများ၏ လက်ရှိရေသုံးစွဲမှုနှင့် လုပ်ငန်းလည်ပတ်မှုအခြေအနေ များကို ကောက်ယူဆောင်ရွက်လျက်ရှိသည်ကို သိရှိရပြီး ထိုစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း။
ထို့ပြင် ၂၀၃၀ ပြည့်နှစ်တွင် Sustainable Development Goals နှင့် Myanmar Sustainable Development Plan ပါ ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် ရေရရှိရေးလုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တည်ဆောက်ပြီးလုပ်ငန်းများ စနစ်တကျ ရေရှည် လည်ပတ်စေရေးကိုလည်း စီမံဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် Monitoring နှင့် Evaluation ကို စနစ်တကျဆောင်ရွက်ရန် မှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ရေရှားပါးကျေးရွာများတွင် လတ်တလော ဖြေရှင်းဆောင်ရွက်မှုနှင့် ရေရှည်ဆောင်ရွက်မည့်အစီအမံများ၊ နွေရာသီရေရှားပါးမှုအတွက် နှစ်အလိုက်ဆောင်ရွက်ပေးနိုင်မှု၊ ၂၀၂၀ ပြည့်နှစ် နွေရာသီတွင် ရေရှားပါးနိုင်သည့် ခန့်မှန်းကျေးရွာများနှင့် Water Donation Application ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာဒေသအလိုက် နွေရာသီရေရှားပါးကျေးရွာများ သောက်သုံးရေရရှိရေးနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက နွေရာသီရေရှားပါးကျေးရွာများတွင် သောက်သုံးရေရရှိရေးဆိုင်ရာကိစ္စရပ်များကို အကြံပြုဆွေးနွေးကြသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရေပေးရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာနှင့်ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ကျေးရွာ (၈၀၆၄) ရွာရှိ ကျေးလက်လူဦးရေ ၅ ဒသမ ၂၆ သန်းအတွက် ကျေးလက်ရေရရှိရေးလုပ်ငန်း (၉၅၇၁) ခုကို ဆောင်ရွက်ပေးခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ကျေးရွာ ( ၁၆၉၁) ရွာရှိ လူဦးရေ ၁ ဒသမ ၃ သန်းအတွက် ကျေးလက်ရေရရှိရေး လုပ်ငန်းပေါင်း (၁၇၂၀) ခုကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)