နေပြည်တော် ဖေဖော်ဝါရီ ၂၈
အကူသူနာပြု (ပြင်ပ) (၉) လသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် (ခုတင် ၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ယခု သူနာပြုအကူသင်တန်း သည် ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့နှင့်အတူ ပုပ္ပါးဒေသသို့ သွားရောက်သည့် ခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်အရ အသက်မွေးဝမ်းကြောင်း ပညာရပ် သင်တန်းများကို အားပေးသည့်အနေဖြင့် ဖြစ်ထွန်းပေါ်ပေါက်လာခြင်း ဖြစ်ပါကြောင်း၊ ယခု နေပြည်တော် (ခုတင် ၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်သည့် အကူသူနာပြု (၉)လသင်တန်းကို အခြေခံပညာ (၉)တန်းအောင်မြင်ပြီးသူ (၆၁)ဦး တက်ရောက်နေသည်ကို တွေ့ရပါကြောင်း၊ အကူ သူနာပြု သင်တန်းအောင်မြင်ပြီးမြောက်သူများ အနက် ထူးချွန်သူများကို ဘဝတက်လမ်း ရရှိစေရေး၊ သူနာပြု သားဖွားဒီပလိုမာ (၃)နှစ် သင်တန်း တက်ရောက်ခွင့်ရရေးအတွက် ဝန်ကြီးဌာနမှ စဉ်းစား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ထိုကဲ့သို့ သူနာပြုသားဖွားဒီပလိုမာ သင်တန်းသို့ တက်ရောက် ခွင့်ရရှိရေးအတွက် အကူသူနာပြု သင်တန်း တက်ရောက်နေစဉ် အင်္ဂလိပ်စာကို အထူးကြိုးစားလေ့လာ ကြရန်လိုကြောင်း၊ နိုင်ငံ၏ သူနာပြု လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ၂၀၁၉ ခုနှစ် ပညာသင်နှစ်တွင် သူနာပြု သားဖွား ဒီပလိုမာ သင်တန်းအတွက် (၃,၇၆၉)ဦး၊ သူနာပြုသိပ္ပံဘွဲ့ သင်တန်းအတွက် (၅၀၀)ဦးအထိ ယခင်နှစ်များထက် (၂)ဆတိုးခေါ်ခဲ့ကြောင်း၊ ယခုလာမည့်နှစ် သင်တန်းကျောင်းသစ်များလည်း ဖွင့်လှစ်ပြီးဖြစ်၍ စုစုပေါင်း (၄၅၀၀)ဦးထိ တိုးမြှင့်ခေါ်ယူသွားမည် ဖြစ်ပါကြောင်း၊ သူနာပြုနှင့် သားဖွားဒီပလိုမာ သင်တန်း အောင်မြင်မည့်သူ ၂၀၂၀ ခုနှစ် မေလတွင် (၈၁၆)ဦး နှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း (၁၇၇၈)ဦး ရှိမည်ဟု ခန့်မှန်းကာ အောင်မြင်ပြီးပါက (၂)လအတွင်း အလုပ်ခန့်ထားရန် စီစဉ်ထားပါကြောင်း၊ လက်ရှိသူနာပြု သားဖွား ဒီပလိုမာ သင်တန်း တက်ရောက်နေသူ (၆,၁၀၁)ဦး ရှိပါကြောင်း။
သူနာပြုသားဖွားဒီပလိုမာရရှိပြီးသော သူနာပြုဆရာမများအနေဖြင့် အစိုးရဝန်ထမ်းအဖြစ် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင်လည်းကောင်း ပြည်ပနိုင်ငံများတွင်လည်းကောင်း ရွေးချယ် လုပ်ကိုင်နိုင်သော အခွင့်အရေးရှိသော်လည်း နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပံ့ပိုးကူညီသည့် အနေဖြင့် အစိုးရဝန်ထမ်းအဖြစ် အနည်းဆုံး (၃)နှစ် ထမ်းဆောင်စေလိုပါကြောင်း၊ အကူသူနာပြု သင်တန်းများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့ ၌လည်း တစ်ပြိုင်နက်တည်း ဖွင့်လှစ်လျက်ရှိပြီး သင်တန်းသား(၁၀၀)စီ တက်ရောက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိက သူနာပြု သင်တန်းကျောင်း (၄)ကျောင်းကိုလည်း ၂၀၂၀ ခုနှစ်၊ မတ်လအတွင်း ဖွင့်လှစ်သွားနိုင်ရန် ဝန်ကြီးဌာနမှ ပံ့ပိုးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သူနာပြုဆရာမများသည် လူနာများနှင့် အမြဲမပြတ် ထိတွေ့နေရသောကြောင့် သူနာပြုဆရာမများ ပြုစုစောင့်ရှောက်မှု ကောင်းမွန်ပါက လူနာများ ဝေဒနာခံစားရမှု သက်သာကာ စိတ်ချမ်းသာမှု ရရုံသာမက ဆေးရုံတက်ရသော ရက်ကာလ ပိုမိုလျော့ကျသွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သူနာပြုဆရာမများ၏ အရည်အချင်းနှင့် အဆင့်အတန်းမြင့်မားရေးကို ဦးစားပေး လုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး သင်ရိုးညွှန်းတမ်း များကိုလည်း နိုင်ငံတကာ အဆင့်အတန်းဖြစ်အောင် ပြည်ပမှ ပညာရှင်များ၏ အကူအညီဖြင့် ပြုပြင်ရေးဆွဲနိုင်ခဲ့ပါ ကြောင်း။
သူနာပြုဆရာမများအနေဖြင့် မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့များ သင်တန်းများ တက်ရောက်ခွင့် ရရှိရန်နှင့် နိုင်ငံခြားတွင် အလုပ်လုပ်နိုင်ရန်တို့အတွက် အင်္ဂလိပ်စာတတ်မြောက်ကျွမ်းကျင်မှုသည် အရေးကြီး၍ အထူးကြိုးစားလေ့လာစေချင်ပါကြောင်း၊ ရည်မှန်းချက်နှင့် ခံယူချက် စိတ်ဓါတ်များ ရှိရန်လိုအပ်ပါကြောင်း၊ အကူသူနာပြုသင်တန်းသူများအနေဖြင့် သူနာပြုဆရာမကြီး၊ သူနာပြုအုပ်များ၊ အထူးကု ဆရာဝန်ကြီးများ၏ သင်ကြားမှုများကို တတ်မြောက်ချင်စိတ်အပြည့်ဖြင့် လေ့လာ ကြိုးစား သင်ယူကြရန် ဖြစ်ပါကြောင်း၊ စေတနာထား သင်ကြားပေးသော ဆေးရုံအုပ်များ၊ သမားတော်များ၊ အထူးကုဆရာဝန်ကြီး နှင့် သူနာပြုဆရာမကြီးများကို ကျေးဇူးတင်ရမည် ဖြစ်ပါကြောင်း၊သင်တန်းသူများအနေဖြင့် မိမိတို့၏ ကျန်းမာရေးအတွက် သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခြင်းကိုလည်း ဆောင်ရွက်ကြစေလိုပါ ကြောင်း၊သင်တန်းဆရာများအနေဖြင့် သင်တန်းသားများ၏ နားလည်တတ်မြောက်မှု အခြေအနေကို စဉ်ဆက်မပြတ် အကဲဖြတ် ကြည့်ရှုသွားရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ဖော်ကိုင်ဖက်များ အဖြစ် သတ်မှတ် လက်တွဲခေါ်ယူဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျွမ်းကျင်သူ ဒေါက်တာပပက သင်တန်းဖွင့်လှစ်ရန် ဆောင်ရွက်ခဲ့မှုများကို လည်းကောင်း၊ သူနာပြုအုပ်ကြီး ဒေါ်စောရွှေက သင်တန်းတွင် စာတွေ့သင်ကြားမှုအပြင် လက်တွေ့ သင်ကြားမှုများကို အဓိကထားသင်ကြားမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)