ရေနံချောင်း ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ရေနံချောင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ မှ ၂၀၂၃-၂၀၂၄ ခုနှစ်အထိ အထူးစိမ်းလန်းစိုပြေရေးဇုန် စီမံကိန်း ငါးနှစ်တာကာလ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် စမ်းသပ်စိုက်ကွက်များအား ကြည့်ရှု စစ်ဆေးရာ မကွေးတိုင်းဒေသကြီးအတွင်းရှိ Peace Corps Myanmar အဖွဲ့မှ အင်္ဂလိပ်စာသင် စေတနာ့ဝန်ထမ်း ဆရာ/ဆရာမများ လိုက်ပါလေ့လာခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရေနံချောင်းမြို့နယ် ဖန်ခါးစမ်း ပျိုးဥယျာဉ် ရှင်းလင်းဆောင်တွင် မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစွန်ထွန်းက ရေနံချောင်းမြို့နယ် အထူးစိမ်းလန်းစိုပြေရေး ဇုန်စီမံကိန်း ငါးနှစ်တာကာလဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် နှစ်အလိုက် ဖြည့်စွက်အထူးစိမ်းအပင် စိုက်ပျိုးမည့်မြေနေရာများအား မြေပုံနှင့်တကွ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တင်ပြချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေနံချောင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနက ပျိုးထောင်ထားသော ဖန်ခါးစမ်း ပျိုးဥယျာဉ်အတွင်းမှ ပျိုးပင်ကြီးများအား ကြည့်ရှုပြီး ၂၀၁၉ ခုနှစ် မိုးရာသီက စမ်းသပ်စိုက်ပျိုးခဲ့သည့် မြို့ရှောင်လမ်းမိုင်တိုင် အမှတ်(၆/၄)အနီးရှိ အပင်မျိုးစုံ(၂၁၀၀)ပင် စိုက်ပျိုးထားသည့် စိုက်ကွက် ၃ ကွက်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ကိုစိုးကြီး