Skip to main content

မြန်မာ့ရိုးရာ ဝိုင်းခြင်းခတ်ကစားနည်းအား ပြည်ပဧည့်သည်များ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိ

ညောင်ဦး  ဇန်နဝါရီ   ၅

မြန်မာ့ရိုးရာ ခြင်းလုံးကစားနည်းဖြစ်သော ဝိုင်းခြင်းခတ်ခြင်းအား ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်ကြသည့် ပြည်ပခရီးသွားများ စိတ်ဝင်စားမှုမြင့်တက်လာနေကြောင်း ညောင်ဦးမြို့မှ အပျော်တမ်းဝိုင်းခြင်းခတ်အဖွဲ့မှ ဦးဇင်အောင်က ပြောကြားသည်။

ပုဂံ-ညောင်ဦးမြို့ရှိ ခြင်းခတ်ဝါသနာရှင်များသည် ညနေပိုင်းအလုပ်သိမ်းချိန် မြေကွက်လပ်များတွင် ဝိုင်းခြင်းခတ်ကစားရာနေရာသို့ ပြည်ပနိုင်ငံသား၊ နိုင်ငံခြားသူများ စိတ်ဝင်စားလာရောက်ကြည့်ရှုကြရာမှ ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီရိုက်ခြင်းများရှိလာခဲ့ရာ ယခုနောက်ပိုင်း သူတို့ကိုယ်တိုင်ပါဝင်ကာ ခြင်းခတ်ကစားလာကြောင်းနှင့် ဝိုင်းခြင်းခတ်ကစားနည်း အခေါ်အဝေါ်များ မှတ်သားလေ့လာကြကြောင်း ရန်ကုန်မြို့မှ စပိန်ဧည့်လမ်းညွှန် ဦးခင်မောင်ဌေးက ပြောသည်။

မြန်မာ့ရိုးရာဝိုင်းခြင်းခတ်နည်းနှင့် အခေါ်အဝေါ်များကိုလည်း  ဧည့်လမ်းညွှန်များမှတစ်ဆင့် ရေးမှတ်ကြကြောင်း၊ ဝိုင်းခြင်းခတ်နည်း အသုံးအနှုန်း အခေါ်ဝေါ်များအား ဧည့်လမ်းညွှန်များလည်း အားလုံးမသိသောကြောင့် ဝိုင်းခြင်းခတ်သူများထံမှ ပြန်လည်မေးရကြောင်း၊ ဝိုင်းခြင်းခတ်အသုံးအနှုန်းများဖြစ်သည့် ရှပ်ဒူး၊ လေဝဲနောင့်၊ လေဝဲခြေခွင်၊ မဟာဒူး၊ ပတ်ဒူး၊ ဒဲ့ဖဝါး၊ ဒဲ့ဖနောင့်၊ မြင်းစီးစလွယ် ဝိုင်းခြင်းခတ်နည်းများသည် အလွန်ခက်ခဲနက်နဲကြောင်း၊  ကျန်းမာရေးအရ ဝိုင်းခြင်းခတ်ခြင်းနှင့် ဝါသနာအရ ဝိုင်းခြင်းခတ်ခြင်းများ ခတ်ကြသော်လည်း ခက်ခဲသည့်ခြင်းခတ်နည်းများအား ခြင်းခတ်ပညာရှင်၊ ခြင်းဝါသနာရှင်များသာ ခတ်နိုင် ခတ်တတ်ကြကြောင်း၊ နိုင်ငံခြားသား/သူများသည် ခြေခွင်၊ ခြေဖျား၊ ဒူး၊ ခေါင်းလောက်ဖြင့်သာ ခတ်တတ်ကြပြီး ဝိုင်းခြင်းခတ်တစ်ဝိုင်းလျှင် လူငါးယောက်မှ ခြောက်ယောက်ထိ ပါဝင်ခတ်ကြပြီး နိုင်ငံခြားသား/သူများ မြန်မာ့ရိုးရာဝိုင်းခြင်းခတ်ကစားနည်းအား အလွန်သဘောကြနှစ်ခြိုက်ကြကြောင်း ဝိုင်းခြင်းခတ်ဝါသနာရှင် ဦးဇင်အောင် ကပြောပြသည်။

ဝိုင်းခြင်းခတ်ခြင်းများအား ညောင်ဦး၊ ပုဂံမြို့သစ် ၊ ပုဂံမြို့ဟောင်းတို့တွင် ဝိုင်းခြင်းခတ်ခြင်း (၁၅) ဝိုင်းခန့်ရှိကြောင်း အဆိုပါဝိုင်းခြင်းများအား ဟိုတယ်၊ မိုတယ် ကုမ္ပဏီများမှ ငှားရမ်းကာ ညနေ ပိုင်း တန့်ကြည်တောင်ဘက်ခြမ်း ဧရာတီသဲသောင်ခုံပေါ်တွင် ပြည်ပနိုင်ငံသားများ ပုဂံနေဝင်ဆည်း ဆာနောက်ခံနှင့်ဝိုင်းခြင်း ခတ်ခြင်းများကြည့်ရှုကြကြောင်း၊ တောအလှခတ်ခြင်း၊ အရိုင်းခတ်ခြင်း ၊ ဝိုက်ပန်းနွယ်၊ လျှပ်စစ်လေဝဲ၊ ဘာဂျာဖနောင့်၊ ဘာဂျာခြေခွင်၊ အပြောက်ရှပ်ထိပ်တင်၊ အပြောက် ရှပ်ဒူး ခြင်းခတ်ကစားနည်းများသည် ဝိုင်းခြင်းခတ်ပညာရှင်များသာ ခတ်တတ်ကြပြီး နိုင်ငံခြားသား/သူများ အလွန်ပင်စိတ်ဝင်တစားကြည့်ရှုပြီး ဓာတ်ပုံ၊ ဗီဒီယိုရိုက်ခြင်း များဖြင့် မှတ်တမ်းတင်ကြပြီး မြန်မာ့ဝိုင်းခြင်းကစားနည်းအား အံ့ဩကြကြောင်းသိရသည်။

မြန်မာ့ရိုးရာဝိုင်းခြင်းတွင် ခြင်းကြီးဆယ်မျိုး ၊ ခြင်းလတ်ဆယ်မျိုး၊ ခေတ်ဆန်ခြင်း သုံးမျိုးရှိပြီး ထိုထဲကမှ မန္တလာစလွယ်ညွှန်ခြေဖျားလို သုံးမျိုးတွဲပြီး တီထွင်ခတ် ကစားနည်းများလည်း ရှိကြောင်းသိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)