Skip to main content

တံတားများ တည်ဆောက်ရာတွင် ခံနိုင်ဝန်ရှိရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိစေရေးအတွက် သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျဖြင့် တည်ဆောက်ရန်လို

နေပြည်တော်၊ ဇန်နဝါရီ - ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးခင်ရီ၊ ဒေါက်တာညွန့်ဖေ၊ ဦးရွှေလေး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိ သူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကမြောကင်းတံတား တည်ဆောက်ရေးစီမံကိန်း သို့ သွားရောက် ကြည်ရှုစစ်ဆေးသည်။

ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက တနင်္သာရီတိုင်းဒေသကြီး အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိသော ဘုရားကြီး - မော်လမြိုင် - ထားဝယ် - မြိတ် - ဘုတ်ပြင်း - ကော့သောင်းလမ်း၊ လေညာ-ရတနာပုံလမ်း၊ ထားဝယ်(SEZ)-မေတ္တာ-ထီးခီးလမ်း၊ ထားဝယ်မြို့ရှောင်လမ်း၊ ထုံခါ - သဲဖြူ - မောတောင်လမ်းများ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ထားဝယ် - ကမြောကင်း - လောင်းလုံးလမ်း ပေါ်ရှိ ကမြောကင်းတံတားအသစ် တည်ဆောက်နေမှုနှင့် ဘဏ္ဍာရေးနှစ်အလိုက်ပြီးစီးမှု အခြေအနေများ၊ တနင်္သာရီတိုင်းဒေသကြီး အတွင်း တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲပေ(၁၈၀) အထက်တံတားများ တည်ဆောက် နေမှုအခြေအနေများ၊ ကျေးလက်လမ်းများအား ရာသီမရွေးသွားနိုင်သောလမ်းများ ဖြစ်စေရေး အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မိုးများသည့်ဒေသဖြစ်သဖြင့် လမ်းများရေရှည်ကောင်းမွန်စေရေးမြေ ပြုပြင်ခြင်းများ စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ လမ်းများပျက်ဆီးစေမှုသည် အဓိကမှာရေကြောင့်ဖြစ်ကြောင်း၊ ရေဆင်းရန်နှင့် ရေထွက်ရန်လိုကြောင်း၊ လမ်းပေါ် သစ်ကိုင်းများရောက်ပြီး မိုးရေကျမှုများလည်း အနည်းဆုံးဖြစ်ရန်လိုကြောင်း၊ မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစေရေးအတွက် လမ်းပုခုံးများ သတ်မှတ်ချက် များအတိုင်းရှိစေရန်နှင့် လမ်းနယ်များအား စနစ်တကျဖြင့် သတ်မှတ်ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် မော်တော်ဆိုင်ကယ်အစီးရေ ၆ သန်းခန့်ရှိသဖြင့် လမ်းများ ဖောက်လုပ်ရာတွင် ဆိုင်ကယ်သွားရန်အတွက်ပါ ထည့်သွင်းစဉ်းစား ဆောင်ရွက် ပေးရန်လိုကြောင်း၊ မြို့ရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တွင်းနှင့်ရွာတွင်းလမ်း များတည်ဆောက်ရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီစေရန်အတွက် စနစ်တကျ ဖြင့် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ လမ်းများပေါ်တွင် မော်တော်ယာဉ်များ မောင်းနှင်ရာ၌ ယာဉ်မတော်တဆမှုများမဖြစ်ပွားစေရေး အမြန်နှုန်းသတ်မှတ်ချက် များထားရှိရန်နှင့် လမ်းအကွေ့ နေရာများတွင် Guard Post များ ထည့်သွင်း တည်ဆောက်ရန်လိုကြောင်း၊ တံတားများတည်ဆောက်ရာတွင် ခံနိုင်ဝန်ရှိရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိစေရေးအတွက် သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျဖြင့် တည်ဆောက်ရန် လိုကြောင်း၊ ကျေးလက်လမ်းများတည်ဆောက်ရာတွင် ရာသီဥတု ကြောင့်ပျက်စီးမှုမရှိ စေရေးစနစ်တကျဖြင့် တည်ဆောက်ရန်လိုပြီး ကျေးလက်နေ ပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ကျေးလက်လမ်းများ ကောင်းမွန်မှု ရှိနေရန်လိုကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ကမြောကင်းတံတားတည်ဆောက်နေမှု လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေး၍ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် တာဝန်ရှိသူများ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

အဆိုပါကမြောကင်းတံတားသည် ထားဝယ်-ကမြောကင်း-လောင်းလုံးလမ်းပေါ် တွင်တည်ရှိပြီး ထားဝယ်မြစ်ကိုဖြတ်သန်းတည်ဆောက်နေခြင်းဖြစ်ကာ တံတားအရှည် ၁၀၅၀ ပေရှိကြောင်း၊ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် ၅ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၁၆၄ ပေ၊ အမြင့် ၁၆ ပေရှိမည်ဖြစ်ကြောင်းနှင့် တည်ဆောက်ရေး စီမံကိန်းအား ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့တွင်စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လအတွင်း ပြီးစီးနိုင် ရေး ရည်မှန်းတည်ဆောက်လျက်ရှိကြောင်းသတင်းရရှိသည်။

သတင်းစဉ်