Skip to main content

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းနှင့် စစ်မှုထမ်းဟောင်းအိမ်ရာ (နေပြည်တော်) တို့အား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် အမှတ် (၂) တပ်မတော် လူငယ်ပညာရေးသင်တန်းကျောင်းနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အိမ်ရာ (နေပြည်တော်) များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အမှတ် (၂) တပ်မတော် လူငယ်ပညာရေး သင်တန်းကျောင်းသို့ ရောက်ရှိကြရာ ကျောင်းရုံးခန်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ စာသင်ဆောင်၊ အိပ်ဆောင်နှင့် စားရိပ်သာများ နေရာချထားမှု၊ လေ့ကျင့်သင်ကြားပေးသည့် ဘာသာရပ်များ၊ သင်ရိုးညွှန်းတမ်းဆိုင်ရာများနှင့် သင်ကြားမည့် ဆရာ၊ ဆရာမ အင်အား ဖြည့်ဆည်းထားရှိမှုအခြေအနေများ၊ ကျောင်းသားများအတွက် ယူနီဖောင်း၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းသားများအား လေ့ကျင့်သင်ကြားပေးရာတွင် ပညာရေးပိုင်းသာမက ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး အကျင့်စာရိတ္တကောင်းမွန်ကာ ထူးချွန်ထက်မြက်သည့် နိုင်ငံတော်နှင့် တပ်မတော်က အားထားရသော မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာရေး စနစ်တကျ လေ့ကျင့်သင်ကြားပေးရန်၊ စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်၍ စံပြုထိုက်သော ကျောင်းသားများဖြစ်အောင် ပျိုးထောင်ပေးရန်၊ အားကစားတွင် အရည်အသွေးရှိသူများကို ထူးချွန်သည်အထိ မြေတောင်မြှောက်ပေးရန်၊ ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးရန်၊ ဆရာ/ ဆရာမများနှင့်ပတ်သက်၍ ကျွမ်းကျင်သော ဘာသာရပ်အလိုက် သင်ကြားမှုတွင် ကိုက်ညီအောင် စီမံပေးရန်၊ သင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်းများကို အကျိုးရှိအောင် အသုံးချ၍ သင်ကြားပေးရန်၊ လစဉ်နှင့် နှစ်ဝက် ဆန်းစစ်စာမေးပွဲများကို အရည်အသွေးပြည့်မီအောင် စိစစ်ပြီး လိုအပ်သောဘာသာရပ်များကို အချိန်ပိုသင်ကြားပေးခြင်းစသဖြင့် တတ်မြောက်မှုနှင့် အောင်ချက်မြင့်မားစေရေး ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆရာ၊ ဆရာမများအား တွေ့ဆုံနှုတ်ဆက်ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တပ်မတော်လူငယ် ပညာရေး သင်တန်းကျောင်း၌ Grade-10 ၊ Grade-11 ၊ Grade-12 တို့တွင် ကျောင်းသားများ တက်ရောက် ပညာသင်ကြားနေမှုများကို လိုက်လံကြည့်ရှုပြီး အားပေးစကားပြောကြားသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် သင်တန်းကျောင်းနှင့် ဆရာ/ ဆရာမများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ ဆရာ/ ဆရာမများက လက်ခံရယူသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်များနှင့် ကျောင်းသားများ စနစ်တကျ နေထိုင်စားသောက်ရေးအတွက် အိပ်ဆောင်များ၊ ထမင်းစားဆောင်များ ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာ (နေပြည်တော်) သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက အိမ်ရာတည်ဆောက်ပြီးစီးမှုနှင့် ဆက်လက် တည်ဆောက်လျက်ရှိမှု၊ စစ်မှုထမ်းဟောင်းများအား နေရာချထားပေးမှုနှင့် ဆက်လက်နေရာ ချထားပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊ ရေနှင့် လျှပ်စစ်မီးပိုင်းဆိုင်ရာများအား လုံလောက်မှုရှိစေရေး ဆောင်ရွက်ထားရှိမှု၊ တည်ဆောက်ပြီး တိုက်ခန်းများအတွင်း မိသားစုများ အသင့်နေထိုင် စားသောက်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အိမ်ရာနေ စစ်မှုထမ်းဟောင်းမိသားစုများ နေထိုင်၊ စားသောက်၊ သွားလာမှုအဆင်ပြေစေရေး လိုအပ်သည်များ စီမံဆောင်ရွက်ပေးရန်၊ စစ်မှုထမ်းဟောင်းများသည် နိုင်ငံတော်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများဖြစ်ကြသည့်အပြင် အရေးကြီးသည့် တပ်မတော်၏ အင်အားတစ်ရပ်ဖြစ်သည့်အတွက် စစ်မှုထမ်းဟောင်းများ၏ အရေးကိစ္စများကို ဂရုတစိုက် ဆောင်ရွက်ပေးရန် အိမ်ရာဝင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး စနစ်တကျ စီမံဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အိမ်ရာဝင်းအတွင်းရှိ တည်ဆောက်ပြီးစီးနေသည့် နေအိမ်တိုက်ခန်းများနှင့် တည်ဆောက်ဆဲတိုက်ခန်းများ၊ တည်ဆောက်ပြီး အခြားအဆင့်၊ အရာရှိငယ်၊ အရာရှိကြီးတိုက်ခန်းများသို့ ပြောင်းရွှေ့လာမည့် မိသားစုများ အဆင်သင့် နေထိုင်စားသောက်နိုင်ရေးအတွက် တပ်မတော်က ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးထားသည့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သော ပရိဘောဂပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများအား ခင်းကျင်းထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်