Skip to main content

"တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစမ်းသပ်အစီအစဉ်" ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၄

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ "တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်" ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန − ၂ (MICC – 2) တွင် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေဖြင့် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ၏ မဟာဗျူဟာ ရည်မှန်းချက် ၅ ဒသမ ၃ တွင် အငြင်းပွားမှုများကို တရားရုံးက ထိရောက်မြန်ဆန်စွာ ဖြေရှင်းပေးသောစနစ်များကို သတ်မှတ်ဆောင်ရွက်ရန် ရည်မှန်းချက်နှင့်အညီ ၂၀၁၉ ခုနှစ်က ခရိုင်တရားရုံး (၂) ရုံးနှင့် မြို့နယ်တရားရုံး (၂) ရုံးတို့တွင် “တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်” ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တစ်နှစ်တာ ဆောင်ရွက်ချက်၏ရလဒ်များအရ စမ်းသပ်အစီအစဉ်ကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သင့်သည်ဟု သုံးသပ်တွေ့ရှိရသည့်အတွက် ယခုနှစ် ၂၀၂၀ ပြည့်နှစ် တွင် မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်အတွင်းရှိ ပျဉ်းမနား မြို့နယ်တရားရုံး၊ လယ်ဝေးမြို့နယ်တရားရုံး၊ ဇမ္ဗူသီရိမြို့နယ်တရားရုံး၊ ပုဗ္ဗသီရိမြို့နယ် တရားရုံး၊ ဥတ္တရသီရိမြို့နယ်တရားရုံးနှင့် ဒက္ခိဏသီရိ မြို့နယ် တရားရုံးတို့တွင် ယင်းစမ်းသပ် အစီအစဉ်ကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့် တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး အတွက် လိုအပ်သည့် ဥပဒေ ပြဋ္ဌာန်းချက်များ ပြဋ္ဌာန်းနိုင်ရေး  ပြင်ဆင်ဆောင်ရွက်ရာတွင် များစွာအထောက်အကူ ဖြစ်စေမှာ ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စေ့စပ်ဖြေရှင်းရေး စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ်များ‌ ရေးဆွဲလျက်ရှိပြီး ၂၀၂၂ ခုနှစ်တွင် အကောင်အထည်ဖော်ရန် ရည်မှန်းထားကြောင်း၊ ရှေ့လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့်အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ မြန်မာရုံး ကိုယ်စားလှယ် အကြီးအကဲ Mr. Karasawa Masayuki က ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပါဝင်ကူညီခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နောင်တွင်လည်း ဆက်လက် ပူးပေါင်း ပါဝင်သွားမည်ဖြစ်ပါကြောင်း အဖွင့်နှုတ်ဆက် စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ “တရားရုံးက ဦးဆောင်သည့် စေ့စပ် ဖြေရှင်းရေးစနစ် ချမှတ်အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ” ဥက္ကဋ္ဌ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က ၂၀၁၉ ခုနှစ်၊ မတ် ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၉ ရက်အထိ တစ်နှစ်တာကာလအတွင်း စမ်းသပ်အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် တရားရုံးများ၏ အကောင်အထည်ဖော် ဆောင်ရွက် နိုင်မှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက စမ်းသပ်အစီအစဉ် တစ်နှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအပေါ်  ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခြင်း တို့ကို ဆောင်ရွက်ကြသည်။ ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်သည် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကြသည်။

ယနေ့အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ဒုတိယရှေ့နေချုပ်၊ လွှတ်တော်ရေးရာ ကော်မတီများမှ ဥက္ကဋ္ဌ များ၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ တရားသူကြီးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ JICA မြန်မာရုံး အကြီးအကဲနှင့် JICA တရားရေးရာနှင့် ဥပဒေရေးရာ စီမံကိန်းမှ တာဝန်ရှိသူများ၊ ရှေ့နေအသင်း များ၊ စမ်းသပ်အစီအစဉ်တိုးချဲ့ ဆောင်ရွက်မည့် တရားရုံးများတွင် လိုက်ပါဆောင်ရွက်သည့် ရှေ့နေများ၊ လူမှုအဖွဲ့အစည်းများမှ တရားမျှတမှုကဏ္ဍနှင့် သက်ဆိုင်သူများ၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်နှင့် တရားရုံးအဆင့်ဆင့်မှ တရားရေး အရာရှိများနှင့် တရားသူကြီးများနှင့် ဖိတ်ကြားထားသော အထူးဧည့်သည်တော်များနှင့် ဖိတ်ကြားထားသော သတင်းမီဒီယာများ တက်ရောက် ကြသည်။

(သတင်းစဉ်)