မြင်းမူ ဇန်နဝါရီ ၅
စစ်ကိုင်းခရိုင်နှင့် မုံရွာခရိုင် ခရိုင်ချင်းဆက်လမ်းပေါ်ရှိ အလှူရှင်များ ဆောက်လုပ်လှူဒါန်းသော တံတားသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သာယာအေးတံတားသစ်ကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြရာ တံတားဖြစ်မြောက်ရေး နာယက ဓမ္မစေတီဆရာတော် ဦးပညာဝရက တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေတို့ထံ ဖွင့်ပွဲအထိမ်းအမှတ် အလံများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယခုဖွင့်လှစ်ခဲ့သော တံတားမှာ မြင်းမူမြို့နယ်အဆုံး မုံရွာမြို့နယ်နှင့် အရာတော်မြို့နယ်အစပ်တွင် တည်ရှိပြီး စစ်ကိုင်းခရိုင်နှင့် ဆက်သွယ်ထားသောလမ်းဖြစ်ကာ အလှူရှင် ဦးဝင်းမော် ဇနီး ဒေါ်ခင်ခင်လေး (Forever group) မိသားစုက ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အလျားပေ ၄၀ အကျယ် ၂၅ ပေ ၆ လက်မရှိကြောင်းသိရသည်။
အောင်စိုးဖေ(မြင်းမူ)