ရန်ကုန် မတ် ၄
၂၀၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို လာမည့် မတ် ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပရန် စီစဉ်ထားရှိမှုအား ခေတ္တဆိုင်းငံ့ထားကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်မှ ပြောကြားသည်။
“မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မတ်လမှာ မလုပ်တော့ဘဲ သင်္ကြန်အပြီး မေလ လဆန်းပိုင်း လောက်မှပဲ စီစဉ်သွားဖို့များတယ်” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်မှ ပြောသည်။
CORONAVIRUS DISEASE (COVID -19) ကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ အသိပေးနှိုးဆော်ပန်ကြားချက်များအရ ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပပြုလုပ်သည့် မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အစည်းအဝေးမှ ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးနာယကကြီးများ၊ အမှုဆောင်များ၊ ပွဲတော်ကျင်းပရေးအတွက် ပံ့ပိုးကူညီပေးမယ့် Bella ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျင်းပရေးတာဝန်ခံများ အစည်းအဝေးမှာ အဘက်ဘက်ကသုံးသပ်ပြီး ဆုံးဖြတ်လိုက်တာပါ၊”ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး ဦးဇော်မြင့်ဦးမှ ပြောသည်။
အဆိုပါ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကျင်းပမည့်အချိန်နှင့် နေရာကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ကြိုတင်အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်သူဇာမင်း(FDC)