Skip to main content

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့်ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၂၉/၂၀၂၀) ကျင်းပ

နေပြည်တော် မတ် ၄

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၂၉/၂၀၂၀) ကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူမတွေ့ရှိ ရသေးသည့် အချက်ကိုကြည့်၍ ကျေနပ်နေ၍ မရပါကြောင်း၊ အခြားနိုင်ငံများ၌ အချိန်တိုအတွင်း များပြားစွာ ဖြစ်ပွားနေသည်ကို တွေ့ရှိရသည့်အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်နေသော ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်လုံးဝမလျှော့ဘဲ အရှိန်အဟုန်ကို ပို၍ပင်တိုးမြှင့် လုပ်ဆောင် ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့်လည်း COVID-19 ရောဂါသံသယလက္ခဏာ ရှိသောသူများအား ရှာဖွေဖော်ထုတ်၍ ရောဂါရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်လျက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံတွင် COVID-19 ရောဂါ ရုတ်တရက်ဖြစ် ပွားလာနိုင်သည်ဟူသော ခံယူချက်ကို နောက်ခံထား၍ မိမိတို့၏ ဆေးရုံများတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများအတွက် ပထမ ဦးစားပေးအနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန မှ ဝယ်ယူမှုနှင့် လှူဒါန်းမှုများမှ ရရှိသောအသက် ရှူစက်များ၊ တစ်ကိုယ်ရည်သုံးရောဂါ ကာကွယ်ရေးဝတ်စုံများ စသည်တို့ကို အရေးကြီးသည့် ဆေးရုံများသို့ လိုအပ်ချက်နှင့်အညီ အမြန်ဆုံးဖြန့်ဝေလျက် ရှိပါကြောင်း။

ယခု COVID-19 ရောဂါ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေမှု သတင်းအချက်အလက်များကို ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒရှုထောင့်တို့မှသုံးသပ်ပြီး ဝန်ကြီးဌာနမှ ရေးဆွဲထား သော COVID-19 ရောဂါဖြစ်ပွားခြင်း ကာကွယ်တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် ကိုသာမက အခြားဘေး အန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်များကို ဆန်းစစ်သုံးသပ်မှုများ အမြန်ဆုံး ပြုလုပ်ကာ လိုအပ်သည်များကို ပြန်လည် ပြုပြင်မွမ်းမံရေးဆွဲရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် နှီးနွယ် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်းပါဝင်မှု အခြေအနေများ သည် ကောင်းမွန်နေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အနေဖြင့်လည်း တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ဆောင်ရွက်ချက်များကို သတင်းမပြတ် ရရှိလျက်ရှိပါကြောင်း။

ညွှန်းပို့ဆေးရုံကြီးများအတွက် လိုအပ်သည့် ပြင်ဆင်ထားရှိမှုများ လုပ်ဆောင်ထားရှိသကဲ့သို့ အခြားသောတိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆေးရုံများအတွက် လိုအပ်သည့်ပြင်ဆင်မှုများအား ဗဟိုအဆင့် တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဆေးရုံအုပ်ကြီးများ ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အနေဖြင့် ယခုအချိန်တွင် ရရှိသောလူအင်အား၊ ဘဏ္ဍာ ငွေနှင့် ဆေးဝါးပစ္စည်းကိရိယာ များကိုအသုံးချကာ ပြည်သူများရောဂါ မဖြစ်ပွားစေရေး အတွက် ဆက်လက်၍ ကြိုးပမ်းဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ ဗဟိုအဆင့်တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနများအကြား တယ်လီဖုန်း နှင့် အင်တာနက်ဆက်သွယ်မှု လမ်းကြောင်းများအသုံးပြုကာ tele/ video conferencing များဖြင့် ဆက်သွယ်ဆွေးနွေးမှုများ ပုံမှန်ပြုလုပ်နေခြင်းသည် ဤရောဂါကာကွယ်ထိန်းချုပ်မှု အတွက် အလွန်အရေးကြီးပြီး ထိရောက်သည့် ဆောင်ရွက်မှု တစ်ရပ်ဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးများ၊ နှီးနွှယ်ဌာနများ၊ နိုင်ငံတကာ/ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု လက်ရှိ အခြေအနေများအား ပိုမိုထိရောက်ကောင်းမွန်စေရန်အတွက် ဗဟိုအဆင့်၌ နေ့စဉ် အစည်းအဝေး ပြုလုပ်နေသကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၌ ရက်သတ္တပတ် (၁) ပတ်လျှင် (၂) ကြိမ် ခန့်ပြုလုပ်စေလိုပါကြောင်း၊ ဆုံးဖြတ်ချက်၊ အကြံပြုချက်များကို လည်း ဗဟိုသို့ အချိန်နှင့် တစ်ပြေးညီပေးပို့စေလိုပါကြောင်း၊ ယခုအချိန်၌ လူစုလူဝေးများပြားသော ပွဲလမ်းသဘင်များကို တတ်နိုင်သမျှမပြုလုပ်ရန်နှင့် မလွှဲမရှောင်သာပြုလုပ်ရပါကလည်း ဖြစ်ပေါ် လာနိုင်သည့် နောက်ဆက်တွဲ ကိစ္စရပ်များအားလည်း ထည့်သွင်းစဉ်းစား ချင့်ချိန်ရ မည်ဖြစ်ပါ ကြောင်း၊ အကယ်၍ လူစုလူဝေးပွဲလမ်းသဘင်များသည် ကောင်းကျိုးသက်ရောက်မှုရှိပြီး မဖြစ် မနေကျင်းပရမည်ဆို ပါကလည်း လူဉီးရေ တတ်နိုင်သမျှအနည်းဆုံးဖြင့်သာ ကျင်းပပြုလုပ် သွားရန်နှင့် ပွဲလမ်း သဘင်များ ကျင်းပမည်ဆိုပါကလည်း COVID-19 ရောဂါ ပညာပေး အချက်အလက်များနှင့် ပြည်သူလူထုအနေဖြင့် လိုက်နာဆောင်ရွက် ရန်များကို ပွဲမစမီ (၅) မိနစ်ခန့် အချိန်ယူ၍ ပြောကြားရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် ညှိနှိုင်းပြင်ဆင် ဆောင်ရွက်စေ လိုကြောင်း။

ပြည်သူများအနေဖြင့်လည်း ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါတစ်မျိုးမျိုးဖြစ်ပွားနေပါက လူစုလူဝေးနေရာများ၊ ပွဲလမ်းသဘင်များသို့ သွားလာ ခြင်းမှ လုံးဝရှောင်ကြဉ်ကြရန်မှာ အရေးကြီးပါကြောင်း၊ လက်ကို စနစ်တကျပုံမှန် ဆေးကြော ခြင်း၊ အရက် ပြန်ပါဝင်သော လက်သန့်စင်ဆေးရည်ကို အသုံးပြုဆေးကြောခြင်း၊ ချောင်းဆိုး နှာချေပါက ဖုံးအုပ်ခြင်း၊ ချောင်းဆိုးနှာချေနေမကောင်းပါက ခွဲစိတ်ခန်းသုံးပါးစပ်နှာခေါင်းစည်း စနစ်တကျ အသုံးပြုခြင်းတို့သည် ဤရောဂါကာကွယ်မှုအတွက် အလွန်ထိရောက်သည့်အတွက် ၎င်းအချက် များအား အရေးထားပြီးဆောင်ရွက်စေလိုပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်မှုများသည် ကောင်းမွန်ပါကြောင်း၊ ဆက်လက်၍လည်း ပိုမို၍ ပါဝင်ဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါ ဗေဒ ရှုထောင့်တို့မှအပြင် လူမှုရေး၊ စီးပွားရေး၊ ခရီးသွားလာရေး၊ ကုန်သွယ်ရေးစသည့် ရှုထောင့်စုံမှစဉ်းစားကာ ပြည်သူ များအတွက် အကျိုးရှိမည့်ဆုံးဖြတ်ချက်များ ဆက်လက်ချမှတ် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါနှင့်ပတ်သက်သည့် Daily Update Situation များ၊ ညွှန်းပို့ဆေးရုံများရှိ စောင့်ကြပ်ကြည့်ရှုလူနာများ၊ အသွားအလာ ကန့်သတ်၍ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုခံယူနေသူများ၏ ကျန်းမာရေးအခြေအနေများ၊ မန်းရွှေစက်တော်ဘုရားပွဲ ကျင်းပရာနေရာသို့ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက် ရေးဌာနခွဲ)၊ ညွှန်ကြားရေးမှူး (တာဝန်) (ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ) နှင့် တာဝန် ရှိသူများ ကွင်းဆင်းသွားရောက်၍ ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒရှုထောင့်များမှ ဆန်းစစ်သုံးသပ်မှုများ ဆောင်ရွက်နေမှု အခြေအနေနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကွင်းဆင်းအားဖြည့်ဆောင်ရွက် နေမှုအခြေအနေများ၊ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ ညွှန်းပို့ဆေးရုံကြီးများနှင့် အခြားသော ဆေးရုံကြီးများရှိ စောင့်ကြည့် လူနာများ၏ အခြေအနေများနှင့် ထူးခြားဖြစ်စဉ်များ၊ ဓာတ်ခွဲနမူနာ စစ်ဆေး ထားရှိသည့် အခြေအနေများ၊ Quarantine လုပ်ငန်းများအတွက် လိုအပ်သည့် ဆရာဝန်၊ သူနာပြု၊ အခြေခံ ဝန်ထမ်းအင်အား ပြင်ဆင်ထားရှိမှုအခြေအနေများ၊ COVID-19 ရောဂါဖြစ်ပွား/ သေဆုံးမှု မြင့်တက်နေသည့်နိုင်ငံများမှ ပြန်လည် ရောက်ရှိလာမည့် မြန်မာနိုင်ငံသားများကို လိုအပ်ပါက Quarantine (၁၄) ရက် ထားရှိနိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ COVID-19 ရောဂါဖြစ်ပွားသူများတွေ့ရှိလာပါက ဆေးရုံများ၌ ကာကွယ်ကုသမှုအထောက် အကူပြု လုပ်ငန်းများတွင် ရောဂါပိုးကူးစက်မှုမရှိစေဘဲ စနစ်တကျပါဝင်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ နိုင်ငံကြက်ခြေနီအသင်းဝင်များနှင့် လူမှုရေး၊ ပရဟိတအသင်းများမှ တာဝန်ရှိသူများကို လေ့ကျင့် သင်တန်းပေးမှုများကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်ဆောင်ရွက်သွားရန် ကိစ္စရပ်၊ ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ထားရှိမှုများအတွက် ထပ်မံလိုအပ်မည့် ဆေးပစ္စည်း ကိရိယာ များစသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်/ ဖြန့်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံ အုပ်ကြီး၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်)၊ ညွှန်ကြားရေးမှူး(ကုသရေး)၊ ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ e-health ၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး၊ ပြည်သူကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) စသည့် ကဏ္ဍအသီးသီးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ တက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
(သတင်းစဉ်)