နေပြည်တော် မတ် ၄
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် နိုင်ငံတော် အစိုးရ၊ UNDP ၊UNHCR တို့အကြား ချုပ်ဆိုထားသော နားလည်မှုစာချွန်လွှာအရ သက်ဆိုင်သည့် ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ UNDP ၊ UNHCR တို့မှ ကိုယ်စားလှယ်များပါဝင်သော နည်းပညာ လုပ်ငန်းအဖွဲ့၏ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအတွင်း ကွင်းဆင်း လေ့လာတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ အတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ တွဲဖက် အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကော်မတီ အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်နှင့် UEHRD အဖွဲ့ဝင်များ၊ နည်းပညာလုပ်ငန်းအဖွဲ့ (TWG) ၏ အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အစိုးရအနေဖြင့် စတင် တာဝန်ယူစဉ်ကပင် အပြောင်းအလဲကို ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိရာ ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို စတင်ဦးစားပေး ဆောင်ရွက်ခဲ့ သည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်၊ မေလမှစတင်၍ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေးအတွက် ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ အကောင်အထည်ဖော်ရာ၌ ဒေသ၏ အခြေခံလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဆောင်ရွက်ပါက ပိုမိုမြန်ဆန်အောင်မြင်နိုင်မည်ဖြစ်သဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လတွင် ဖွဲ့စည်းပြီး လေ့လာသုံးသပ်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နေစဉ် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ၌ ARSA အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုစတင်ခဲ့ပြီး အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ တင်သွင်းပြီးနောက် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် ထပ်မံ၍ ARSA အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများ ပိုမိုဆိုးရွားစွာ ကြုံတွေ့ခဲ့ရပြီး လုပ်ငန်းစဉ်များ နှောင့်နှေးခဲ့ရ သော်လည်း လိုအပ်ချက်အရ လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ ပေးနိုင်ရေး၊ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ ရေရှည်ပဋိပက္ခ ကင်းဝေးရေးနှင့် ဖွံ့ဖြိုးရေး တို့ကို အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့် နိုင်ငံတော်က ဦးဆောင်သည့် UEHRD ကို ဖွဲ့စည်းပြီး ဆက်လက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း။
အဆိုပါ အကြမ်းဖက်မှုဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး နိုင်ငံတကာက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရေး အတွက် ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်ပြီး မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် ကို ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို စုံစမ်းစစ်ဆေးရေးကော်မ ရှင်၏ အစီရင်ခံစာပါ အချက်(၄၈)ချက်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် (၈၈) ချက် တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း ဤကာလ အတွင်း မိမိတို့၏ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်မှုများအပေါ် နိုင်ငံတကာတွင် အထင်အမြင်လွဲမှားစေမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှု များ၏ နောက်ဆက်တွဲ ဖြစ်စဉ်များတို့ကြောင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါကြောင်း၊ မိမိတို့၏ ကြိုးပမ်း အကောင်အထည်ဖော်မှုများကို ပြည်သူသို့အစီရင်ခံစာ (၅) ကြိမ် ထုတ်ပြန်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့နှင့် ပူးပေါင်းကာ ရခိုင်ပြည်နယ်ပူးတွဲဆန်းစစ်ချက် ( Rakhine Joint Assessment) ကို လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်စေရေးတို့အတွက် ရည်ရွယ်လျက် ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်များရှိ ကျေးရွာ(၁၃၀) တွင် ဆောင်ရွက်ခဲ့ပါကြောင်း။
အကြံပြုချက်များကို အကောင်အထည်ဖော်ရာတွင် အခက်အခဲစိန်ခေါ်မှုများရှိသဖြင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်(၅)ဦး ပါဝင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ကို ထပ်မံဖွဲ့စည်းပြီး ပိုမိုထိရောက် အောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ အကြမ်းဖက်မှုကြောင့် တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတကာက စွပ်စွဲမှုများရှိသည့်အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE)ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ယခုနှစ်၊ ဇန်နဝါရီလ တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ ICOE အစီရင်ခံစာပါ အကြံပြုချက်များ ကိုလည်း အကောင်အထည် ဖော်လျက်ရှိကြောင်း၊ အာဆီယံ၏ ပူးပေါင်းပါဝင်မှုအနေဖြင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာ ကူညီမှု ဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre) နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ရခိုင်ပြည်နယ်ရှိ ကိုယ်ဝန်ဆောင် မိခင်များ၊ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများ အားလုံးအတွက်လည်း နိုင်ငံတော်၏ MCCT အစီအစဉ်၊ သက်ကြီးလူမှုရေးပင်စင်နှင့် မသန်စွမ်း သူများ ထောက်ပံ့ခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါလုပ်ငန်းများကို ကြည့်ရှုခြင်း အားဖြင့် မိမိတို့အနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ၂၀၁၆ ခုနှစ်မှစ၍ ဆက်တိုက် အကောင်အထည်ဖော်ခဲ့ကြသည်ကို ပြောကြားလိုခြင်း ဖြစ်ပါကြောင်း၊ ထိုသို့စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့အစည်း အဝေးသည် ၂၀၁၈ ခုနှစ်၊ ဇွန်လ၊ (၆)ရက်နေ့တွင် နိုင်ငံတော် အစိုးရ၊ UNDP ၊ UNHCR တို့အကြား နားလည်မှု စာချွန်လွှာကို လက်မှတ်ထိုး၍ Quick Impact Project (QIPs) ကို ဆောင်ရွက်ခဲ့မှု၏ ထိရောက် အောင်မြင်မှု များကို ဆန်းစစ်ရန် ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဝန်ကြီးဌာန အသီးသီး နှင့် ပူးပေါင်းဆောင်ရွက်မည့် UEHRD နှင့် နိုင်ငံတကာအဖွဲ့အစည်းများက ရလာဒ်ကောင်းများ ရရှိအောင် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်း၊ ရခိုင်ပြည်နယ်နှင့် ပတ်သက် ၍ အစဉ်တစ်စိုက် ဆောင်ရွက်ရမည့် လူမှုအဖွဲ့အစည်းများအကြား သဟဇာတ ဖြစ်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရန်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် ကော်မတီအတွင်း ရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ကော်မတီတွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင် တို့က နည်းပညာလုပ်ငန်းအဖွဲ့ (TWG) ၏ ဆန်းစစ်အကြံပြုချက်များကို မြေပြင်တွင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ စိန်ခေါ်မှုများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ UEHRD ကော်မတီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်ဦးတိုးအောင်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာတွင် အဖွဲ့အစည်း များဖြင့် သော်လည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရကြား တွင်လည်းကောင်း၊ ဝန်ကြီးဌာန များအချင်းချင်းသော်လည်းကောင်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း များကို အလေးထားဆောင်ရွက်နိုင်ရေး၊ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက် လျက်ရှိကြသည့် စီမံချက်များအားလုံးကို Rakhine Projects Portfolio အဖြစ် စုစည်းထား နိုင်ရေး ကိစ္စများကို ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးချမ်းအေးက UNDP ၊ UNHCR တို့မှ ပေးပို့လာသည့် အစီရင်ခံစာ တွေ့ရှိချက် ကဏ္ဍတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)