ပုသိမ် မတ် ၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ယမန်နေ့ နေ့လယ်ပိုင်းကကျင်းပသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးများကို လုံးဝပပျောက်နိုင်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အဖွဲ့အစည်းတစ်ခုချင်းစီမှ လူတစ်ဦးချင်းစီအထိ တာဝန်ကိုယ်စီရှိစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး အသိပညာပေးဆောင်ရွက်ရာတွင် ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ (၁၀၂)ကြိမ် အသိပညာပေးဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA)၊ မူးစိတ်တား အထောက်အကူပြု အဖွဲ့များ အနေဖြင့်လည်း အသိပညာပေးကဏ္ဍများကို ကွင်းဆင်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပိတ်ဆို့စစ်ဆေးရုံဖြင့် မလုံလောက်ဘဲ အခြေအနေနှင့် နေရာဒေအပေါ်မူတည်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့အနေနှင့်လည်း တိုင်းဒေသကြီးနယ်မြေအတွင်း ဖြစ်ပွားလျက်ရှိသော လူမှောင်ခိုမှု၊ ရေလုပ်သားခေါင်းပုံဖြတ်မှုများ ကြိုတင်ကာကွယ်ရေးကို အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူလူထုတစ်ရပ်လုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးနှင့် လူကုန်ကူးမှု ပွဲစားများမှ တစ်ဆင့်ခံ တယ်လီဖုန်းဖြင့် ဆက်သွယ်စည်းရုံးသူများကို ဖော်ထုတ်သတင်းပေးရာတွင် ကြောက်ရွံ့ခြင်းမရှိစေဘဲ သတင်းပေးကြဖို့နှင့် သတင်းပေးသူများကို လျှို့ဝှက်အကာအကွယ်ပေးမည့်အကြောင်းအား နားလည်သိရှိနိုင်ရန် ဟောပြောစည်းရုံးသွားရမှာဖြစ်ကြောင်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုများကို ခိုင်မာစွာတည်ဆောက်မည်ဆိုပါက မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများ တဖြည်းဖြည်း ချုပ်ငြိမ်းပပျောက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများမှ မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများ၊ ဆောင်ရွက်မည့်အစီအစဉ်များအား ပေါင်းစပ်ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးချုပ်မှ နိဂုံးချုပ်စကား ပြောကြားကာ ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)